ယာဉ်မောင်းလိုင်စင် ထုတ်ပေးရန် စစ်ဆေးမှုများ တိုးမြှင့်မည်

ပို့စ်တင်ချိန် - 1/30/2014 01:37:00 PM


ရန်ကုန်၊ ဇန်နဝါရီ ၂၉

မြန်မာနိုင်ငံတစ်ဝန်း နှစ်စဉ် ယာဉ်တိုက်မှုများ မြင့်တက် လာခြင်းကို လျှော့ချရန်အတွက် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (ကညန) က ယာဉ်မောင်းလိုင်စင် ထုတ်ပေးရာတွင် အရည်အချင်း စစ်ဆေးမှုများကို တိုးမြှင့်မည် ဖြစ်ကြောင်း အဆိုပါဌာနထံမှ သိရသည်။

ယာဉ်မောင်းလိုင်စင် ဖြေဆိုရာတွင် စစ်ဆေးချက် တိုးမြှင့်ခြင်းကို ဧပြီလ ပထမပတ်အတွင်း စတင်မည် ဖြစ်ကြောင်း အဆိုပါဌာန ညွှန်ကြားရေးမှူး ဦးလျန်ကျင့်မန်က The Voice သို့ ပြောကြားသည်။

နိုင်ငံတကာတွင် ယာဉ်မောင်းလိုင်စင် ထုတ်ပေးသည့် စနစ်များကို လေ့လာပြီး မိမိနိုင်ငံနှင့် ကိုက်ညီမည့် စနစ်များကို ရွေးချယ်စစ်ဆေးမည် ဖြစ်ကြောင်း ကညနထံမှ သိရသည်။
“ယာဉ်တိုက်မှုတွေ ဖြစ်တာက ယာဉ်မောင်းတွေကြောင့်ဆိုတော့ အရည်အချင်းရှိပြီး တကယ်တတ်တဲ့ ယာဉ်မောင်းတွေကိုပဲ လိုင်စင် ထုတ်ပေးတော့မှာပါ” ဟု ဦးလျန်ကျင့်မန်က ပြောဆိုသည်။

လက်ရှိ ယာဉ်မောင်းလိုင်စင် ဖြေဆိုရာတွင် ယာဉ်မောင်း သင်တန်းဆင်း လက်မှတ်နှင့် သုံးလသက်တမ်းရှိ သင်မောင်းလိုင်စင်တို့ လိုအပ်ပြီး အရည်အချင်း စစ်ဆေးရာတွင် ကွန်ပျူတာဖြင့် မောင်းနှင်ခြင်း၊ မေးခွန်းအခု ၂၀ ရေးဖြေ ဖြေဆိုခြင်းနှင့် လက်တွေ့ပါကင်ထိုးခြင်းတို့ ပါဝင်ကြောင်း အဆိုပါဌာနထံမှ သိရသည်။

The Voice Weekly