သစ်ထုတ်လုပ်မှု ရပ်ဆိုင်းရန် အစီအစဉ်မရှိဟု သစ်တောဒုဝန်ကြီးဆို

ပို့စ်တင်ချိန် - 2/16/2014 06:51:00 PM




နေပြည်တော်၊ ဖေဖော်ဝါရီ ၁၄

အရှေ့တောင်အာရှ နိုင်ငံများအတွင်း သစ်တောပြုန်းတီးမှု အများဆုံး နိုင်ငံများထဲတွင် ပါဝင်နေသောကြောင့် သဘာဝ ပတ်ဝန်းကျင်အရေး တက်ကြွ လူပ်ရှားသူများ၏ ဝေဖန်မှု ခံနေရသော မြန်မာအစိုးရက ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် သစ်ထုတ်လုပ်မှု ရပ်ဆိုင်းမည် မဟုတ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင်က ပြောကြားသည်။

တပ်မတော်အစိုးရ အုပ်ချုပ်ခဲ့သည့် ခေတ်နှောင်းပိုင်းဖြစ်သော ၂၀၀၆ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ အစိုးရ သစ်တောဦးစီးဌာနက သစ်မာတန်ပေါင်း ၇၀၂,၈၉၁ ကို ထုတ်လုပ်ခဲ့ပြီး နိုင်ငံ၏ ဘဏ္ဍာရေး အခြေအနေကြောင့် သစ်မာထုတ်လုပ်မှု ရပ်ဆိုင်းမည် မဟုတ်ကြောင်း ၎င်းကဆိုသည်။

ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဟုမ္မလင်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးက သစ်တောပြုန်းတီးမှုကြောင့် သစ်ထုတ်လုပ်မှု ရပ်ဆိုင်းရန်ရှိ မရှိ တပ်မတော်အစိုးရ လက်ထက်နှင့် ယခု အစိုးရသစ်လက်ထက် သစ်ထုတ်လုပ်မှု အခြေအနေကို မေးမြန်းရာ ၎င်းက ယင်းသို့ ဖြေကြားခဲ့သည်။

၂၀၀၆ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ သစ်မာတန်ပေါင်း ၄၇၆,၀၁၉ တန်နှင့် လက်ရှိ အစိုးရလက်ထက်တွင် သစ်မာတန် ၂၂၆,၈၇၂ တန် ထုတ်လုပ်ခဲ့ပြီး ဖြစ်ကြောင်း ၎င်းကဆက်လက် ရှင်းပြသည်။

၂၀၁၂ -၂၀၁၃ ခုနှစ်မှစ၍ ကျွန်းသစ် ထုတ်လုပ်မှုကို ၁၇ ရာခိုင်နှုန်း၊ သစ်မာ ၂၀ ရာခိုင်နှုန်းနှင့် ၂၀၁၃-၂၀၁၄ ခုနှစ်တွင် ကျွန်းသစ် ၃၁ ဒသမ ၁၁ ရာခိုင်နှုန်း၊ သစ်မာ ထုတ်လုပ်မှုကို ၄၉ ဒသမ ၉၂ ရာခိုင်နှုန်း လျှော့ချ ထုတ်လုပ်ခဲ့ကြောင်း ၎င်းကဆိုသည်။

ထို့အပြင် ပြည်ပသို့ သစ်အလုံးလိုက် တင်ပို့မှုကို ၂၀၁၄ ခုနှစ် ဧပြီလ ၁ ရက်နေ့မှစ၍ ရပ်ဆိုင်းမည် ဖြစ်ပြီး သစ်အချောထည် ထုတ်လုပ်မှုများကို တိုးမြှင့် တင်ပို့သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

မြန်မာ့သစ်ထုတ်လုပ်မှု လုပ်ငန်းကို သစ်တော သယံဇာတအပေါ် မှီခိုမှု လျော့နည်းလာသည်နှင့်အမျှ နှစ်စဉ် ထုတ်လုပ်မှု လျှော့ချကာ ရပ်ဆိုင်းသွားရန် လျာထားကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

၂၀၀၀ ပြည့်နှစ် ဝန်းကျင်တွင် မြန်မာနိုင်ငံတွင် သစ်တောဖုံးလွှမ်းမှု ဧရိယာ ၅၀ ရာခိုင်နှုန်းကျော် ရှိခဲ့သော်လည်း ၂၀၁၀ ပြည့်နှစ် ဝန်းကျင်တွင် သစ်တောဖုံးလွှမ်းမှု ဧရိယာ ၄၀ ရာခိုင်နှုန်းအောက်သာ ကျန်ရှိတော့ကြောင်း သဘာဝ ပတ်ဝန်းကျင်အရေး တက်ကြွ လှုပ်ရှားသူများ၏ အဆိုအရ သိရှိရသည်။

The Voice Weekly