မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ရှိ ပ၀ကျေးရွာဝန်းကျင်တွင် လေယာဉ်တစ်စင်း ပျက်ကျသည်ဟု သတင်းများထွက်ပေါ်နေပြီး သက်ဆိုင်ရာက ရှာဖွေနေ

ပို့စ်တင်ချိန် - 2/16/2014 11:14:00 AM


(လေယာဉ်ပျက်ကျသည်ဟု သတင်းထွက်ပေါ်နေသော ပ၀ကျေးရွာဝန်းကျင်အား ဖေဖော်ဝါရီ ၁၄ ရက်က တွေ့ရစဉ်)


မြိတ်ခရိုင် တနင်္သာရီမြို့နယ်ရှိ ပ၀ကျေးရွာအနီးတွင် လေယာဉ်တစ်စီးပျက်ကျသည်ဟု သတင်းများထွက်ပေါ်နေကာ သက်ဆိုင်ရာတာဝန်ရှိသူတချို့မှ ရှာဖွေမှုများ ပြုလုပ်နေကြောင်း သိရသည်။

တနင်္သာရီမြို့နယ် ပ၀ကျေးရွာအုပ်စုအတွင်းရှိ နေရာတစ်ခုတွင် လေယာဉ်တစ်စီး ဖေဖော်ဝါရီ ၁၄ ရက် ညပိုင်း ပျက်ကျသွားဖွယ်ရှိကြောင်း အဆိုပါလေယာဉ်နှင့် ပတ်သက်ပြီး စုံစမ်းရန်တာဝန်ရှိသူတချို့ ပ၀ကျေးရွာသို့ရောက်ရှိလာကြောင်း လေယာဉ်ပျက်ကျမှုနှင့်ပတ်သက်၍ သတင်းများရရှိသော်လည်း အပိုင်းအစများယခုအထိ တွေ့ရှိရခြင်းမရှိသေးကြောင်း ပ၀ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံများက ဖေဖော်ဝါရီ ၁၅ ရက်တွင် ပြောကြားခဲ့သည်။

"ကျွန်တော်တို့ ပ၀ကျေးရွာအုပ်စုက နယ်မြေကျယ်ဝန်းပါတယ်။ လေယာဉ်ပျက်ကျသံတွေ မကြားရသလို မီးခိုးတွေထွက်တာလည်း မမြင်ရပါဘူး။ ဒီနေ့မနက်ပိုင်းမှာ အမြောက်တပ် တပ်ကြပ်ကြီးတစ်ယောက်ရောက်လာပြီး ရွာကတာဝန်ရှိသူတချို့နဲ့ တိုင်ပင်ပြီး လေယာဉ်ပျက်ကျမှုကို ရှာဖွေဖို့ စီစဉ်နေကြတာ တွေ့ရတယ်"လို့ ပ၀ကျေးရွာသားတစ်ဦးမှ ပြောကြားခဲ့သည်။

ပ၀ကျေးရွာမှာ တနင်္သာရီမြို့နယ်နှင့် မြိတ်မြို့မှ ကုန်းလမ်းခရီးမပေါက်ဘဲ ရေလမ်းခရီးတစ်ခုတည်းကိုသာ သွားလာနိုင်ကာ မြိတ်မြို့မှ လှေဖြင့် ၂ နာရီကျော် ခုတ်မောင်းရကြောင်း သိရသည်။ "ဒီနေ့မနက်ပိုင်းမှာ အမှတ် ၃၀၆ အမြောက်တပ်က ဆရာကြီးဇော်ဝင်း ရောက်ရှိလာပါတယ်။ တပ်ရင်းမှူးရဲ့ တာဝန်ပေးချက်အရ လေယာဉ်ပျက်ကျတာကို စုံစမ်းဖို့ရောက်လာကြောင်း ပြောတယ်။
ကျွန်တော်အဖွဲ့နဲ့ အမြောက်တပ်က တာဝန်ရှိသူတွေပူးပေါင်းပြီး ကျေးရွာအုပ်စုအတွင်းမှာရှိတဲ့ ရွာတွေကို လိုက်လံစုံစမ်းခဲ့ပါတယ်။ ကျေးရွာကလူတွေလည်း မကြားရသလို ကရင်တိုင်းရင်းသားတွေကို မေးမြန်းတာလည်း သူတို့မသိကြောင်း ဖြေကြားခဲ့ပါတယ်။ ဒါပေမဲ့ လေယာဉ်ပျက်ကျတဲ့ သတင်းကတော့ အတိအကျရထားလို့ ကျွန်တော်တို့ ဆက်လက်စုံစမ်းနေပါတယ်။ လေယာဉ်အပိုင်းအစတွေ တွေ့ရင်ပြောဖို့ ပ၀ကျေးရွာကိုလွန်ပြီး ပင်လယ်ထဲကို ကျသွားရင်လည်း သိရှိနိုင်အောင် အနီးနားကကျွန်းတွေကိုလည်း ဆက်သွယ်ထားပြီးပါပြီ"ဟု ပ၀ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်ဌေးက ပြောကြားသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ ပြည်တွင်းလေကြောင်းလိုင်းများကို စုံစမ်းရာတွင် ပြည်တွင်းခရီးသည်တင် လေယာဉ်များနှင့်ပတ်သက်ပြီး ဘာမှမဖြစ်ကြောင်း၊ ပုံမှန်အတိုင်း ပြေးဆွဲနေကြောင်း လေကြောင်းလိုင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ တပ်ပိုင်လေယာဉ်များနှင့် ပြည်တွင်းလေကြောင်းလိုင်းများမှာ ပုံမှန်အတိုင်းရှိနေသည့်အတွက် ပျက်ကျသွားသည်မှာ နိုင်ငံခြားလေယာဉ် သို့မဟုတ် ရဟတ်ယာဉ် တစ်စီးစီးဖြစ်နိုင်ကြောင်း အဆိုပါ လေယာဉ်ပျက်ကျသည့်သတင်းမှာ မှန်ကန်ပြီး တပ်နှင့် ပြည်ထဲရေးအဖွဲ့အစည်းများမှလည်း စုံစမ်းမှုများ ပြုလုပ်နေကြောင်း တာဝန်ရှိသူတစ်ဦးက ဖေဖော်ဝါရီ ၁၅ ရက်တွင် ပြန်လည်ဖြေကြားခဲ့သည်။

"ပ၀မှာ မီးလောင်ကွင်း၊ ဖိုးမဲ ၊ အနိုင်း၊ ကုဋေချောင်းဆိုပြီး ရွာတွေရှိပါသေးတယ်။ ပြီးတော့ လူသူအရောက်ပေါက်အရမ်းနည်းတဲ့ တောကြီးတွေလည်းရှိပါတယ် ကြက်ဥတောင်ဆိုတာကလည်း တောနက်ကြီးဖြစ်ပြီး လူသူအရောက်အပေါက် နည်းပါတယ်။ အဲဒီကလွန်ရင်တော့ ပင်လယ်ပြင်ကြီးထဲကို ရောက်သွားမှာဖြစ်ပြီး မရမ်းပင်ချောင်းတို့ဘက် ရောက်သွားနိုင်ပါတယ်။ ဒီနားမှာတော့ ဘာအသံမှမကြားရပါဘူး။ ထိုင်းဘက်က ရဟတ်ယာဉ်တွေလည်း ဖြစ်နိုင်တာပဲ။ လေယာဉ်ပျက်တဲ့ အသံတွေလည်း မကြားရပါဘူး"ဟု ကရင်တိုင်းရင်းသားတစ်ဦးက ပြောကြားခဲ့သည်။

လက်ရှိစုံစမ်းမှုအရ လေယာဉ်ပျက်ကျမှုနှင့်ပတ်သက်၍ တိတိကျကျ အတည်ပြုချက်မေပေးနိုင်သော်လည်း မြိတ်မြို့မှ လေမိုင် ၃၆ မိုင်အကွာတွင် ဖြစ်နိုင်ကြောင်း ထိုင်းနိုင်ငံမှ လေယာဉ်တစ်စင်းဖြစ်နိုင်ကြောင်း လေယာဉ်နှင့် ပတ်သက်၍ အပျက်အစီးတစ်စုံတစ်ရာ ရှာဖွေတွေ့ရှိခြင်းမရှိသေးဘဲ တာဝန်ရှိသူများမှ စုံစမ်းရှာဖွေနေဆဲဖြစ်ကြောင်း သိရသည်။

ယခုလေယာဉ်ပျက်ကျမှု ဖြစ်ပေါ်ခဲ့ကြောင်း သတင်းထွက်ပေါ်ခဲ့သည့်ဒေသသည် ထိုင်းနိုင်ငံနှင့်နီးစပ်သော ဒေသတစ်ခုဖြစ်ပြီး ဖေဖော်ဝါရီ ၁၅ ရက် ညနေ ၆ နာရီကျော်အထိ ထိုင်းသတင်းဌာနများမှ ထိုင်းနိုင်ငံမှ လေယာဉ်များပျက်ကျမှု ဖြစ်ပေါ်သည်ဆိုသည့် သတင်းမျိုး ဖော်ပြထားခြင်းမရှိကြောင်း သိရှိရသည်။

Eleven Media Group