တရုတ်ကို ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုရဲ့ သက်ရောက်မှုတွေကို လျော့ချရန် ဂျွန်ကယ်ရီ ပြောဆို

ပို့စ်တင်ချိန် - 2/16/2014 05:26:00 PM


တရုတ်နိုင်ငံ ကမ်မင်ဖိုတွန် စက်ရုံမှာ လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲတွင် အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီ အား တွေ့မြင်ရစဉ်(ဓာတ်ပုံ ရိုက်တာ)

တရုတ်နိုင်ငံ မြို့တော် ပေကျင်းကို အလည်အပတ်ရောက်နေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက တရုတ်နဲ့ အမေရိကန်ဟာ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုရဲ့ သက်ရောက်မှုတွေကို လျော့ချဖို့ အလုပ်အတူတွဲလုပ်ဖို့ တရုတ်ခေါင်းဆောင်တွေ ကတိပြုခဲ့ပြီးပြီလို့ ဖေဖော်ဝါရီ ၁၅ ရက်နေ့က ပြောလိုက်ပါတယ်။

သန့်ရှင်းတဲ့ ဒီဇယ် မော်တာတွေ ထုတ်တဲ့ စက်ရုံကို သွားရောက်လည်ပတ်စဉ်အတွင်း ခုလိုပြော တာပါ။ ကယ်ရီက တရုတ်နဲ့ အမေရိကန်ဟာ ဖန်လုံအိမ်ဓာတ်ငွေ့ကို ကမ္ဘာ့အများဆုံး ထုတ်လွှတ်သူတွေ ဖြစ်ကြောင်းလည်း ၀န်ခံပြောဆိုလိုက်ပါတယ်။
တရုတ်နဲ့ အမေရိကန် ၂ နိုင်ငံအစိုးရတွေဟာ သတင်းအချက်အလက် ဖလှယ်ရေးနဲ့ မူဝါဒ ဆွေးနွေးရေး ပိုအားထုတ်ကြမယ်လို့လည်း ပြောပါတယ်။ လာမယ့်နှစ်မှာ ကြေညာရမယ့် ကဘာလုံးဆိုင်ရာ ရာသီဥတု ပြောင်းလဲမှု သဘောတူညီချက်အတွက် စံချိန်စံညွှန်းတွေကို ချမှတ်ရာမှာ ခေါင်းဆောင်ပြီး တိုးတက်အောင် လုပ်နိုင်ဖို့ ကူညီမယ်လို့လည်း ကမ်မင်ဖိုတွန် စက်ရုံမှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ရာသီဥတု ပြောင်းလဲမှုအတွက် ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက် အသစ်ထဲမှာတော့ ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်မှု လျော့ချရေး ကတိတွေနဲ့ အဆင်းရဲဆုံးနိုင်ငံတွေက ရာသီဥတု ပြောင်းလဲမှုကို ပိုကောင်းကောင်း လိုက်လျောညီထွေနေနိုင်ရေး သတ်မှတ်ချက်တွေ ပါဝင်နိုင်ပါ တယ်။ ရာသီဥတု ပြောင်းလဲမှုအပေါ် အစိုးရတွေ အချင်းချင်းကြား ဆွေးနွေးမှုတွေကို ၂၀၁၃ ခုနှစ် စက်တင်ဘာလက အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီ အစီရင်ခံစာထဲမှာတော့ ကမ္ဘာကြီး ပူနွေးလာမှုမှာ လူတွေရဲ့ လုပ်ဆောင်ချက်က အဓိက တရားခံ ဖြစ်ပြီး လက်ရှိ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုရဲ့ သက်ရောက်မှုကိုတော့ နောက်ထပ် ရာစုနှစ်တွေနဲ့ ချီပြီး ဆက်လက်ခံစားရဖွယ် ရှိတယ်လို့ ဟောကိန်း ထုတ်ထားပါတယ်။

DVB Burmese