ကျွန်တော်မှားဖူးသလို ပြောဆိုပါမည် - မြတ်ဆွေ

ပို့စ်တင်ချိန် - 2/16/2014 11:02:00 AM

မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၏ ပြောစကားများကြောင့် ပြည်သူ့လွှတ်တော်မှာ လှုပ်ရှားသွားပြီး လွှတ်တော်၌ မှတ်တမ်းတင်၍ စောင့်ကြည့် သွားမည်ဆိုသော သတင်းတစ် ပုဒ်ကို ဖတ်လိုက်ရတယ်ဗျာ။

ဝန်ကြီးဦးအုန်းမြင့် တနင်္သာရီတိုင်း ဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးရှိ ကျေးရွာများသို့မကြာမီက ခရီးထွက်စဉ်က ပြောကြားတဲ့ စကားသံများလွန်စွာ ကြမ်းတမ်းရိုင်းစိုင်းတယ်လို့ သတင်းတွေ ထွက် လာပါတယ်။ သူပြောတဲ့စကားလုံးများဟာ နားနှင့်မနာ ဖ၀ါးနှင့်နာပါလို့ ပြောရမတတ် ဖြစ်နေလို့ မတင်ပြလိုတော့ပါဘူး။ မကြာခင်က ထွက်ခဲ့တဲ့ဂျာနယ်များ၊ သတင်း စာများမှာ အကျယ်တ၀င့်ပါပြီးလို့ ထပ်မံ တင်ပြစရာအကြောင်း မရှိတော့ ပါဘူး။

ပြည်သူလူထုကို စော်ကားမော်ကား ပြောကြားမှုနှင့် ပတ်သက်ပြီး ပြန်ကြားရေး ၀န်ကြီး ဦးအောင်ကြည်က ခုသာခံသာရှိအောင် လျှောက်လဲပေမယ့် ဘယ်သူကမှ လက်ခံလိုပုံ မရဘူးဗျာ။ နိုင်ငံရေးလောက စာနယ်ဇင်း လောကမှာ အတော်ဂယက် ရိုက်သွားပါတယ်။ …

မြန်မာစကားမှာ အပြောမတတ်တော့ ဆဲသလိုဆိုတဲ့ ဆိုရိုးရှိပါတယ်။ ၀န်ကြီးဦး အုန်းမြင့်က အပြောမတတ်ရုံ တင်မက ခပ်ရိုင်းရိုင်း ပြောဆိုမှုတွေေ ကြာင့် ပြဿနာတွေ တစီတတန်းကြီးဖြစ်ရတာပါ။

နိုင်ငံ့ခေါင်းဆောင်ဆိုတာ ယဉ်ကျေးမှု ရှိရမယ်။ ပြောဆိုရာမှာ ဖော့ဖယောင်းလို ပျော့ပျောင်းရမယ်လို့ ခေတ် အဆက်ဆက် ဆိုစကားရှိခဲ့ပါတယ်။ အဲဒါကို သတိမပြုလို့ ဖြစ်ရတယ်လို့ပဲ ကောက်ယူပါရစေ။

ဝန်ကြီးမပြောနှင့် သာမန်စာရေးသူ တစ်ဦးဖြစ်တဲ့ မိမိအနေနဲ့လည်း တစ်ချိန်က အရေးမတတ်လို့ အတော်ကလေး“ဂျောက်” (ချောက်) ကျခဲ့ပုံကို သတိတရတင်ပြပါရစေ။

လွန်ခဲ့တဲ့ နှစ် ၄၀ကျော်တော်လှန်ရေး ကောင်စီခေါ် စစ်အစိုးရ လက်ထက်ကပါ။ ထိုအချိန်က စာပေ ကင်ပေတိုင် လို့ ခေါ်နေ ကြတဲ့ စာပေစိစစ်ရေးကလည်း လက်သံ ပြောင်နေတော့ စာပေသမားစာရေးဆရာ ဆိုသူများဟာ ဂရုတစိုက် မိမိစာကလေး အပိတ်မခံရ၊ အဖြတ်မခံရအောင် ကြိုးစား ရေးနေကြရပါတယ်။

အဲဒီအချိန်အခါမှာ ကျွန်တော်ဟာ  အရေးမတတ်မှုကြောင့် “ချောက်” ကျခဲ့ဖူးပါ တယ်။ ဖြစ်ရပုံကတော့ စာရေးဆရာ အချင်းချင်းဆိုကြပါစို့။ ကျွန်တော်က ထိုစဉ်က သောင်းပြောင်းထွေလာ မဂ္ဂဇင်းမှာ“စာချစ်သူ”  အမည်နဲ့စာအုပ် အညွှန်းရေးသားပါတယ်။ လစဉ်ထွက်စာအုပ်တွေထဲက လက်လှမ်းမီ သမျှ လွတ်လွတ်လပ်လပ် ခံစားချက်နဲ့ရေး ပါတယ်။

တစ်နေ့မှာတော့ စာရေးဆရာကြီး အောင်သင်းက စာတစ်ပုဒ်ရေးလာပါတယ်။ သူ့စာကတော့ ဘ၀သရုပ်ဖော် ၀တ္ထုတွေ အကြောင်းပါ။ သူ့စာထဲမှာ ဘယ်လိုညွှန်း ထားသလဲဆိုတော့ ခင်မောင်အေး(မန္တလေး) ရေးတဲ့ တောလိုက် မုဆိုးဝတ္ထုတွေဟာလည်း တကယ်တော့ ဘ၀သရုပ်ဖော် ၀တ္ထုတွေ ပါပဲ။ တောနေသတ္တ၀ါတို့ ဘ၀ကို ဖော်ကျူး တာပဲမဟုတ်လား။ အဆင့်အတန်းမြင့်ပါတယ် စသည်ဖြင့်ရေးထားတယ်ဗျာ။ အဲဒီ အချိန်က ဆရာခင် မောင်အေး (မန္တလေး)ဟာ စာနယ်ဇင်းကော်ပိုရေးရှင်းမှာ ညွှန်ချုပ်ပါ။ စာနယ်ဇင်းတွေနဲ့ ပတ်သက်လို့ အရေး ပါတဲ့ အရာရှိကြီးပါ။

ကျွန်တော်ဟာ ဆရာအောင်သင်းစာကို ဖတ်ပြီး ဘ၀င်မကျဖြစ်လိုက် မိတယ်ဗျာ။ မုဆိုးဝတ္ထုတွေကို ဘ၀ သရုပ်ဖော်လို့ တင်စားတာ မကြိုက်ပါ။ အဲဒါနဲ့ ကျွန်တော့်ရဲ့ စာအုပ်ခန်းကနေ ပြန်ရေးမိပါတယ်။

စာရေးဆရာအောင်သင်းက မုဆိုး ၀တ္ထုတွေကိုလည်း ဘ၀သရုပ်ဖော်တာပါပဲ လို့ ““မျက်နှာလို မျက်နှာ ရ””ရေးဖော်ရလေ သည်ဆိုပြီး ရေးလိုက်မိတယ်ဗျာ။ အဓိပ္ပာယ်က ဆရာအောင်သင်းဟာ ခင်မောင်အေး (မန္တလေး) ဆိုတဲ့ အရာရှိစာရေးဆရာကို “ဖား” ရေးတယ်လို့ထွက်သွားပါတယ်။

အမှန်ကတော့ ကျွန်တော်စကားလုံး အရွေးမှားသွားတယ်။ ဆရာအောင်သင်း များစွာ စိတ်ဆိုးနေကြောင်းလည်း ကြားသိ လိုက်ရပါတယ်။

တကယ်ဆိုရင် စာရေးဆရာ အောင်သင်းက မုဆိုးဝတ္ထုတွေကို ဘ၀သရုပ်ဖော် ပါပဲလို့ “မျက်စိမှိတ်” ရေးလိုက် တယ်ဆိုရင် တော်သေးတာပေါ့။ ခံသာပါတယ်။ “မျက်နှာလို မျက်နှာရ” ဆိုတာ လွန်သွားတယ်ဗျာ။

မကြာခင်မှာပဲ မော်လမြိုင်စာပေဟော ပြောပွဲမှာ ဆရာအောင်သင်းနှင့် ဆုံတွေ့ရ ပါတယ်။ ကဗျာဆရာ မောင်မြင့်မြတ်၊ သာယာဝတီ စမ်းစမ်းနွဲ့တို့လည်း ပါပါတယ်။ ဟော ပြောပွဲမစခင် ကျွေးမွေးဧည့်ခံပွဲပြု လုပ်ပါတယ်။

အဲဒီအခါမှာ ဆရာအောင်သင်းက ယမကာလေးထွေထွေနဲ့ ကျွန်တော့်ရဲ့ စာအရေးအသားကျူးလွန်မှုကို အားရပါးရချဲ ပါတော့တယ်။ မော်လမြိုင်ဒေသ ကောလိပ် ကျောင်းအုပ်ကြီးနဲ့ လူကြီးအချို့လည်းရှိနေ ပါတယ်။

ကျွန်တော့်အနေနဲ့ ဆရာအောင်သင်း နဲ့ပတ်သက်လို့ မလိုလားအပ်တဲ့ မျက်နှာလို မျက်နှာရဆိုတဲ့စကားလုံးကို သုံးလိုက်မိတာ များသွားပါတယ်လို့ ၀န်ခံလိုက်တယ်ဗျာ။

လူဆိုတာ အပြောအဆို၊ အရေးအသား မှားတတ်ပါတယ်။ လူတိုင်း အမှားနှင့်မကင်း နိုင်ပါ။ သို့သော်မှား ပြောမိရင်၊ မှားရေးမိရင် မှားကြောင်း ၀န်ခံရပါတယ်။ ၀န်ခံရဲတာ ဟာ သတိ္တပါပဲ။

သတိ္တဆိုတာ သူတစ်ပါးကို လုပ်ရဲကိုင်ရဲ ပြောရဲဆိုရဲတာမှ သတိ္တလို့ မခေါ်ပါ။ မိမိရဲ့အမှားကိုသာ ရိုးသားစွာ ၀န်ခံတတ်ရင် သတိ္တရှိတယ်လို့ ခေါ်ဆိုရမှာပါ။

ကျွန်တော့်အယူအဆပြောပါရစေ။ မကြာခင်က ပြည်ထောင်စုဝန်ကြီးဟာ အများပြည်သူရှေ့မှာ ပြောမှား ဆိုမှားတွေ ရှိခဲ့တယ်ဗျာ။ လွှတ်တော်ထဲ ရောက်သည် အထိ တစ်နိုင်ငံလုံး ဟိုးလေးတကြော် ဖြစ်ခဲ့ရပါတယ်။

အမှားပါပဲ။ ဒီအမှားလို ပြည်ထောင်စု ၀န်ကြီးက “သတိ္တရှိစွာနဲ့” ကျုပ်မှားသွားတယ် ဗျာလို့ စကားလေးတစ်လုံး ဆိုလိုက်ရင် အားလုံးပြီးသွားမှာပါ။ ယဉ်ကျေးသော မြန်မာ လူမျိုးတွေပီပီ ခွင့်လွှတ်ကြဖို့ မခဲယဉ်းဘူး ထင်ပါ တယ်။ ဒါကကျွန်တော့် အယူအဆပါ။

ဝန်ကြီးအယူအဆနှင့် ပြည်သူအများ ရဲ့သဘောထားက ဘယ်လိုလဲဆိုတာ ဆက်လက် တွေးတောကြစေ လိုကြောင်းပါဗျာ။

myanmarthandawsint