တန်းစီခြင်းအနုပညာ

ပို့စ်တင်ချိန် - 2/16/2014 08:39:00 PM


Written by: သူရိန်လှိုင်ဝင်း
မြန်မာ-ထိုင်းနယ်စပ် ချစ်ကြည်ရေးတံတားအနီး ထိုင်းနိုင်ငံဘက်မှ မြန်မာနိုင်ငံသို့ ပြန်လာမည့် ရွှေ့ပြောင်းအလုပ်သမားများကို
ဖေဖော်ဝါရီလဆန်းက တွေ့ရစဉ် (ဓာတ်ပုံ-ရွှေသိန်း(မြ၀တီ))

တန်းစီခြင်းအနုပညာလို့ ခေါင်းစဉ်ကြီးကြီးကျယ်ကျယ် တပ်လိုက်တော့ တန်းစီရတာများ ဘာအနုပညာဆန်စရာ ရှိသလဲ။ လူတိုင်းတန်းစီတတ်နေတာပဲလို့ အပြန်အလှန် မေးခွန်းထုတ်ချင်သူတွေ အများကြီးရှိနေပါလိမ့်မယ်။ ဟုတ်ပါတယ်။ တန်းစီရတာ မခက်ပါဘူး။ လူတိုင်းတန်းစီတတ်တာပဲ။ ဒါပေမဲ့ အဲဒီမခက်တဲ့ တန်းစီရတဲ့ကိစ္စကို ခေါင်းထဲမှာမရှိတဲ့သူတွေ တစ်နေ့တခြားကို များများလာတဲ့အတွက် လူတိုင်းမတတ်ကြတော့တဲ့အတွက် တန်းစီခြင်းဆိုတာကို အနုပညာတစ်ရပ်လို သင်ပေးရမယ့် အခြေအနေတစ်ရပ်ကို ရောက်လာလို့ တန်းစီခြင်း အနုပညာလို့ ခေါင်းစဉ်တပ်လိုက်ရတာပါ။

မြန်မာတွေတော်တော်များများ တန်းမစီတတ်ကြတော့ဘူးလို့ ကျွန်တော်ပြောရင် ကျွန်တော့်ကို အလွန်ကြီးပဲလို့ ပြန်ပြောမယ့်သူတွေ အများကြီးရှိလိမ့်မယ်။ ဥပမာတစ်ခုလောက် ပြပါရစေ။ အချိန်က ရုံးဆင်းတဲ့အချိန် ညနေ ၆ နာရီလောက်။ လမ်းမတစ်ခုလုံးကားတွေနဲ့ ပြည့်ကျပ်နေပြီး မီးပွိုင့်စောင့်နေတဲ့ ကားတန်းကြီးက မျက်စိတစ်ဆုံး။ ဒီအချိန်မှာ ဘတ်စ်ကားတစ်စီးဟာ မီးပွိုင့်တန်းစီနေတဲ့ ကားတွေအကုန်လုံးကို ဘယ်ဘက်ယာဉ်ကြောကနေ လမ်းပြောင်းပြန်မောင်းပြီး ကျော်ဖြတ်လာရာက တန်းစီနေတဲ့ ကားတန်းထဲကို ခေါင်းထိုးဝင်ရောက်ဖို့ ကြိုးစားတယ်။ အဲဒီကားနောက်မှာ နောက်ထပ်တစ်စီးပြီးတစ်စီး ဆက်တိုက်လိုက်လာတယ်။ သိပ်မကြာခင် မီးပွိုင့်လွှတ်တဲ့အချိန် တစ်ဖက်ယာဉ်ကြောကားတွေဟာ လမ်းကြောပြောင်းပြန်စီထားတဲ့ ကားတွေကြောင့် ဆက်သွားလို့မရတော့ဘဲ ရပ်တန့်သွားတယ်။ အဲဒီမှာပဲ နှစ်ဖက်စလုံးက ကားတန်းတွေဟာ ရှေ့လည်းမတိုးနိုင် နောက်လည်းမဆုတ်နိုင် ဖြစ်ကုန်ပြီး သိပ်မကြာခင် လမ်းမတစ်လျှောက်လုံး ပိတ်ဆို့၊ ဟွန်းသံတွေ ဆူညံပြီး အရပ်ပျက်နေသလို ဖြစ်သွားတယ်။

တန်းမစီတတ်တဲ့ သူတွေဆီမှာ အများဆုံး တွေ့ရတတ်တဲ့ စိတ်တစ်မျိုးကတော့ တစ်ကိုယ်ကောင်းဆန်တဲ့စိတ်ပါ။ အဲဒီလိုလူမျိုးတွေမှာ “ငါနှင့်ငါသာ နှိုင်းစရာ” ဆိုတဲ့ သဘောမျိုးနဲ့ ငါ့ကိစ္စက အရေးအကြီးဆုံး၊ ငါကအရေးအပါဆုံး ဆိုတာမျိုးတွေ စွဲနေတတ်တယ်။ နောက်လူအတွက် မကြည့်တတ်ဘူး။ နောက်လူဘယ်လိုဆိုတာမျိုး မစဉ်းစားဘူး။ တကယ်တော့ တန်းမစီတတ်တာ ဂုဏ်ယူစရာ မဟုတ်ဘူး။ တန်းမစီတတ်တာ ရှက်စရာပါ . . . . .

ဒီလိုအဖြစ်အပျက်မျိုးဟာ အပြင်ထွက်နေရတဲ့သူတိုင်း နေ့တိုင်းလိုလို ကြုံတွေ့ရတတ်တဲ့ ပြဿနာပါ။ ဒီတစ်နေရာတည်းလားဆိုတော့ ကားတန်းစီတဲ့ကိစ္စဟာ သာဓကပေါင်း များစွာထဲက သာဓကတစ်ခုပါ။ တက္ကသိုလ်တွေမှာ ကျောင်းလခသွင်းဖို့လိုမျိုး၊ ကျောင်းတက်ဖို့ ဖောင်ဖြည့်တာလိုမျိုးတွေမှာ တန်းမစီကြဘဲ အချင်းချင်း အလုအယက် တိုးဝှေ့ကြလို့ ထိခိုက်ဒဏ်ရာတွေ ရကြတယ်။ ခိုက်ရန်တွေ ဖြစ်ပွားကြရတယ်။ ဘတ်စ်ကားစီးတဲ့နေရာ၊ ရထားစီးတဲ့နေရာ အစချီပြီးပြောရင် ကုန်မှာတောင်မဟုတ်တဲ့ နေရာပေါင်းများစွာမှာ စနစ်တကျ တန်းစီနေကြတယ် ဆိုတာကို အတော်လေး အတွေ့ရခက်လာပြီး နေရာတိုင်းလိုလိုမှာ အလုအယက် တိုးဝှေ့နေကြတဲ့ ၀ရုန်းသုန်းကား လူအုပ်စုကြီးတွေကိုသာ မြင်ရလိမ့်မယ်။

ဘာလို့ ကျွန်တော်တို့နိုင်ငံမှာ တန်းစီတဲ့အလေ့အထ မထွန်းကားရတာလဲ။ အရှင်းဆုံး အဖြေကတော့ မရှက်သင့်တဲ့ အရာတွေကို ရှက်ပြီး ရှက်သင့်တဲ့ အရာတွေကို မရှက်ကြတော့လို့ပါ။ တကယ်တော့ တန်းစီတယ်ဆိုတာ ယဉ်ကျေးတဲ့လူတွေ၊ စိတ်ဓာတ်ဖွံ့ဖြိုး ရင့်ကျက်တဲ့လူတွေရဲ့ စိုက်လက္ခဏာ၊ တစ်နည်းအားဖြင့် နိုင်ငံကြီးသားတွေရဲ့ လက္ခဏာပါ။ အပြန်အလှန်အားဖြင့်တော့ တန်းမစီကြတဲ့သူတွေဟာ မယဉ်ကျေးသေးတဲ့ ကျောက်ခေတ်ကလို ပရမ်းပတာစရိုက်၊ စိတ်ဓာတ်သေးသိမ်တဲ့လူတွေရဲ့ စရိုက်လို့ ဆိုရမယ်ထင်တယ်။ တချို့လူတွေက တန်းစီရမှာကို ရှက်စရာလို့ ထင်ကြတယ်။ တန်းစီနေတဲ့ အတန်းကြီးထဲမှာ မျက်နှာပြောင်ပြောင်နဲ့ ကြားဖြတ်ပြီး ၀င်ချင်ကြတယ်။ အဲလိုကြားဖြတ်ဝင်ပြီး နေရာရလိုက်တာကို “ငါကွ” ဆိုတဲ့ ပုံစံမျိုးနဲ့ ဂုဏ်ယူဝင့်ကြွားချင်ကြတယ်။ တချို့ကျတော့လည်း “တွေ့လား ငါကတန်းစီစရာ မလိုဘူးကွ” ဆိုတာမျိုး ပြချင်တယ်။ နိုင်ငံအချို့မှာ ခေါင်းဆောင်တွေ၊ အကြီးအကဲတွေကိုယ်တိုင် တန်းစီနေကြပေမယ့် ဒီမှာတော့ အခွင့်အရေးရရင် ရသလောက်နဲ့ ကြားဖြတ်နေရာယူကြတာက အလေ့အထတစ်ခုလို ဖြစ်လာတယ်။ သူတို့အတွက် ဒါဟာရှက်စရာ တစ်ခုအဖြစ် သေးသိမ်တဲ့ လုပ်ရပ်တစ်ခုအဖြစ် မမြင်တတ်ကြတာ ဖြစ်နိုင်သလို သိမ်ဖျင်းတဲ့ စိတ်ဓာတ်အခံကြောင့် လူမှုနီတိဆိုတာကို နားလည်နိုင်စွမ်း မရှိတော့ဘဲ အမှားလား၊ အမှန်လားဆိုတာကို ခွဲခြားမသိနိုင်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ဂျပန်မှာ ဖူကူရှီးမား ငလျင်လှုပ်ပြီး လူတွေအတိဒုက္ခရောက်ကြတော့ စတိုးဆိုင်တွေက ရှိသမျှတွေကို ထုတ်ရောင်းပေးတယ်။ မတရား ဈေးတင်ရောင်းတာမျိုး မရှိဘူး။ ဈေးဝယ်သူတွေဘက်ကလည်း လုယက်တာတွေ၊ ၀ရုန်းသုန်းကား တိုးဝှေ့တိုက်ခိုက်ကြတာတွေ မရှိဘူး။ အားလုံးအေးအေးဆေးဆေး တန်းစီရင်း အရင်ဝယ်ခွင့်ရတဲ့သူက နောက်လူအတွက် ချန်ဝယ်ပေးတယ်။ ကိုယ်အရင်ဝယ်ခွင့်ရလို့လည်း တစ်ယောက်တည်း သိမ်းကျုံးဝယ်တာမျိုးတွေ မလုပ်ဘူး။ ဂျပန်လို ဖွံ့ဖြိုးတဲ့နိုင်ငံ အတော်များများမှာ အလုအယက် တိုးဝှေ့နေတာမျိုးဆိုတာက မတွေ့ရသလောက်ဘဲ။ ကော်ဖီဝယ်တာ မုန့်ဝယ်တာမျိုး အသေးအဖွဲလေးတွေကအစ ရှေ့မှာလူတစ်ယောက် ရှိတယ်ဆိုရင် အဲဒီလူတစ်ယောက် အနောက်မှာ အေးအေးဆေးဆေး ရပ်စောင့်နေတတ်တယ်။ ယုတ်စွအဆုံး လူကူးမျဉ်းကျား ကူးဖို့တောင် တန်းစီကြတယ်။ ဒီအချက်က နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် ရုပ်ပိုင်းဆိုင်ရာတင် မကဘဲ နိုင်ငံသားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်ဖွံ့ဖြိုးမှုကလည်း အရေးပါနေတယ်ဆိုတဲ့ အချက်ကို ပြတာပါ။ သူတို့တွေ ဘာ့ကြောင့်တန်းစီကြတာလဲ။ မဖြစ်မနေ တန်းစီရမယ်လို့ ဥပဒေအရ သတ်မှတ်ထားတာမျိုးလည်း မရှိပါဘူး။ အဓိကကတော့ ရှက်စိတ်ပါ။ တန်းမစီဘဲ ကြားဖြတ်ဝင်ရတာ၊ စုပြုံတိုးရတာ ရှက်စရာကောင်းတယ်လို့ ခံယူထားတဲ့ စိတ်ကြောင့်ပါ။ အဲဒီရှက်စိတ်လေး ကျွန်တော်တို့ဆီမှာ မပေါ်လာသေးသရွေ့ စုပြုံတိုးဝှေ့တာတွေ ရှိနေဦးမှာပဲ။ ဥပမာ ကလေးငယ်တစ်ယောက်က ဘောင်းဘီမပါဘဲ လျှောက်သွားနေတာကို ရှက်စရာအဖြစ် မသိသေးသရွေ့ ဘောင်းဘီဝတ်ဝတ်မ၀တ်ဝတ် သူ့အတွက် အရေးမကြီးသလိုပါပဲ။ ရှက်စရာလို့ မြင်လာတာနဲ့ အလိုလို ပြုပြင်ပြီး ဖြစ်သွားမှာပါ။

တန်းမစီတတ်တဲ့ သူတွေဆီမှာ အများဆုံး တွေ့ရတတ်တဲ့ စိတ်တစ်မျိုးကတော့ တစ်ကိုယ်ကောင်းဆန်တဲ့စိတ်ပါ။ အဲဒီလိုလူမျိုးတွေမှာ “ငါနှင့်ငါသာ နှိုင်းစရာ” ဆိုတဲ့ သဘောမျိုးနဲ့ ငါ့ကိစ္စက အရေးအကြီးဆုံး၊ ငါကအရေးအပါဆုံး ဆိုတာမျိုးတွေ စွဲနေတတ်တယ်။ နောက်လူအတွက် မကြည့်တတ်ဘူး။ နောက်လူဘယ်လိုဆိုတာမျိုး မစဉ်းစားဘူး။ တကယ်တော့ တန်းမစီတတ်တာ ဂုဏ်ယူစရာ မဟုတ်ဘူး။ တန်းမစီတတ်တာ ရှက်စရာပါ။ တန်းမစီတတ်လို့ ၀ရုန်းသုန်းကားနဲ့ လုပ်ကြတာ လူပင်ပန်း၊ အလုပ်မဖြစ်ရုံတင်မက စိတ်တိုဒေါသထွက်ရတယ်၊ မလိုအပ်ဘဲ အင်အားတွေ အချိန်တွေ ပြုန်းတီးရတယ်။ ဒါ့အပြင် နိုင်ငံခြားသားတွေ အမြင်မှာလည်း အထင်သေးစရာ ကောင်းပါတယ်။ နေရာတကာ ၀ရုန်းသုန်းကားနဲ့ စုပြုံတိုးဝှေ့ အရပ်ပျက်သလိုဖြစ်နေလို့ မြန်မာတွေဟာ မယဉ်ကျေးသေးတဲ့ လူမျိုးလို့သာ ထင်သွားရင်တော့ နဂိုဆင်းရဲရတဲ့ကြားထဲ နောက်ထပ်နာမည် ပျက်ရဦးမယ်။ ဒီကိစ္စကို အသေးအဖွဲလေးလို့ ထင်ရင်လည်း ထင်ပါလိမ့်မယ်။ ဒါပေမဲ့ အသေးအဖွဲလေးတွေကစပြီး မပြုပြင်နိုင်ရင် အကြီးအမားတွေ ပြုပြင်ဖို့ဆိုတာ ပိုလို့သာဝေးတော့မယ်။ မပြုပြင်ခဲ့မိလို့ အချိန်ကြာလာတာနဲ့အမျှ အမှားတွေ အမှန်ဖြစ်လာခဲ့ရင်၊ တန်းစီရတာ ရှက်စရာ စုပြုံတိုးဝှေ့တာကမှ အမှန်ဆိုတာမျိုးတွေ ဖြစ်လာရင် ပြုပြင်ဖို့ ခက်သွားတော့မှာပါ။

credit to orignal writer