ရောင်စုံခြယ်သော အဆိပ်များလော

ပို့စ်တင်ချိန် - 2/16/2014 09:54:00 PM




(လဲ့ရည်မြင့်)

နံနက်မိုးလင်း အိပ်ရာနိုးချိန်ကတည်းက ကလေးအတွက် ဥပဒ်ကင်းသော အစားအသောက် ကျွေးရန်မှာ မြန်မာနိုင်ငံက မိဘတိုင်း သတိထားရသည့် ကိစ္စတစ်ခုနီးပါး ဖြစ်နေပါပြီ။

အချို့မိဘများက အာဟာရ မျှတစွာ စားသုံးရန် အစားအစာတိုင်းကို တည့် မတည့်၊ ကျွေးသင့်မသင့် အထပ်ထပ် စဉ်းစားနိုင်ကြသော်လည်း လုပ်ငန်းခွင် ဝင်နေသော မိဘများအတွက်မူ မိမိကလေး အာဟာရကို အချိန်ပေး စဉ်းစားပြင်ဆင်ခွင့် မသာချေ။ ယင်းမှာလည်း ကလေးငယ်များ အာဟာရ ဖွံ့ဖြိုးရေးအတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်လာသည်။
ထို့ပြင် ကလေးငယ်များကို အရောင်၊ အသွင်အပြင် အမျိုးမျိုးနှင့် ဆွဲဆောင်နေသော ဓာတုပစ္စည်းသုံး မုန့်များနှင့် အလွယ်တကူ ဈေးသက်သာစွာ ဝယ်ယူနိုင်သော ဆီကြော်မုန့်မျိုးစုံက ဘေးထွက် ဆိုးကျိုးများကို ဖြစ်စေပါသည်။

“မိဘတွေ စိတ်ညစ်နေကြရတယ်။ ကလေးတွေ စားနေကြရတဲ့ အစားအသောက်တိုင်းမှာ တစ်ခုမှ ဘေးကင်းတာ မရှိတော့ဘူး” ဟု တောင်တွင်းကြီးမြို့ မုန့်တိုက်ပွဲ လှုပ်ရှားနေသူ ဒေါက်တာကျော်ဆွေ က ကလေးများ အလွယ်တကူ ဝယ်ယူနေသော မုန့်များနှင့် ပတ်သက်၍ ဆိုသည်။

နေ့စဉ် ကျောင်းမသွားမီ အဆာပြေ မုန့်ထည့်ရန် စဉ်းစားရသည်မှာ အလုပ်တစ်ခုသဖွယ် ဖြစ်လာပြီး အာဟာရ ပြည့်သော မုန့်များကို ရွေးချယ်ရ ခက်လာကြောင်းလည်း မန္တလေးမြို့နေ မိဘတစ်ဦးက ရင်ဖွင့်သည်။

အစိုးရက အသက်သုံးနှစ်အောက် ကလေးငယ်များ၏ အာဟာရ ဖွံ့ဖြိုးရေးအတွက် ဦးစားပေး လုပ်ကိုင်ရန် ကြေညာထားသော်လည်း လက်ရှိ အချိန်အထိ အသက်သုံးနှစ်အထက် နေ့ကလေးထိန်း ကျောင်းနှင့် အခြေခံပညာ ကျောင်းသားများ၏ အာဟာရ ဖွံ့ဖြိုးရေးအတွက် သီးသန့် အစီအစဉ် မရှိသေးချေ။
ကူးသန်း ရောင်းဝယ်မှု ပွင့်လင်း လာသည်နှင့်အမျှ အိမ်နီးချင်း နိုင်ငံများက ကလေးကြိုက် အသင့်စား မုန့်မျိုးစုံများ ဈေးနှုန်း အပြိုင်အဆိုင်နှင့် ပြည်တွင်းမုန့် ဈေးကွက်ကို ထိုးဖောက်လာသည်။ ယင်းကြောင့်ပင် ရန်ကုန်မြို့ခံ မိဘအုပ်ထိန်းသူ တစ်ဦးဆိုသည့် “မုန့်ဖိုးပေးလိုက်ရင် အချိုရည်တို့ သကြားလုံးတို့ ဒါတွေပဲ သွားဝယ်စားနေတယ်။ ဘယ်လိုမှ ပြောလို့ မရဘူး” ဟူသကဲ့သို့သော ညည်းတွားသံများ ကြားနေရသည်။

ပြည်တွင်း မုန့်ဈေးကွက်တွင် တန်ဖိုး ကျပ်တစ်ရာမှ နှစ်ရာ ဝန်းကျင်ရှိ မုန့်များသာ ရောင်းအား ကောင်းနေပြီး အချိုရည်နှင့် အာလူးကြော်ကဲ့သို့ အိတ်လေဖောင်း အသင့်စား မုန့်များမှာ ၎င်းတို့ စိတ်ကြိုက် မုန့်များသာ ဖြစ်နေကြောင်း ကျောင်း မုန့်ဈေးတန်းနှင့် ရပ်ကွက် မုန့်ဆိုင်များထံက သိရသည်။

ဆိုးဆေးလွန် အစားအစာများ၊ တာရှည်ခံ ဓာတုပစ္စည်းသုံး အသင့်စား မုန့်များနှင့် ပါဝင်ပစ္စည်း မဖော်ပြထားသော ပြည်ပမှ ဝင်ရောက်လာသည့် ကလေးကြိုက် မုန့်များက ကလေးငယ်တိုင်း၏ ကျန်းမာရေးကို ခြိမ်းခြောက်နေသည်။
“ကျောင်းသားတွေအတွက် ဆိုးနေတာက လေဖောင်းမုန့်တွေ။ ဘာတွေ ထည့်ထားလဲ မသိဘူး။ နှစ်ရက်ကြာလည်း အထဲက မုန့်က ပျော့မသွားဘူး” ဟု အဆိုပါ မုန့်များ အထုပ်ဖွင့်ထားသော်လည်း ပျော့မသွားကြောင်းကို ဒေါက်တာကျော်ဆွေက ပြောကြားသည်။

ယင်းသို့ ခြိမ်းခြောက်မှုများအတွက် အလယ်တန်းကျောင်းသား၊ ကျောင်းသူများ စားသုံးသော အဆာပြေ မုန့်များအကြောင်း ရန်ကုန်မြို့ အလုံမြို့နယ် အမှတ် (၄) အခြေခံပညာ အထက်တန်းကျောင်းတွင် ၂၀၁၂-၂၀၁၃ ပညာသင်နှစ်၌ တက်ရောက်ခဲ့သော အသက် ၁၂ နှစ်မှ ၁၄ နှစ်ကြား အလယ်တန်း ကျောင်းသား ကျောင်းသူများနှင့် သုတေသန စစ်တမ်း ပြုလုပ်ခဲ့သည်။ အဆိုပါ စစ်တမ်းအရ အလယ်တန်းကျောင်းသား သုံးပုံတစ်ပုံတွင် သာမန်ထက် ခန္ဓာကိုယ် သေးညှက်နေသော လက္ခဏာ တွေ့ရသည်။ စစ်တမ်း ကောက်ယူခဲ့သော အလယ်တန်း ကျောင်းသား ၊ ကျောင်းသူများထဲက ၂ ဒသမ ၃ ရာခိုင်နှုန်းမှာ အဝလွန်ရောဂါ ခံစားနေရပြီး အစားအသောက် မမှန်၍ ကိုယ်အလေးချိန် မပြည့်သူမှာ တစ်ဆယ်ရာခိုင်နှုန်းထိ ရှိကြောင်း အဆိုပါ သုတေသန စာတမ်းတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံတိုင်းတွင် ဖွံ့ဖြိုးမှု နောက်ကျသော နိုင်ငံများရှိ ကလေးသူငယ်တို့မှာ အဝလွန် ရောဂါ ခံစားနေရပြီး ၎င်းတို့ အများစုမှာ မိဘမျိုးရိုး ဗီဇ၊ ပတ်ဝန်းကျင်နှင့် အာဟာရ မျှတမှု မရှိသောကြောင့် အဆိုပါရောဂါ ခံစားရခြင်း ဖြစ်သည်။

အသင့်စားမုန့်၏ ရေတို ဆိုးကျိုးများတွင် ဝမ်းပျက် ဝမ်းလျှောခြင်းနှင့် ဗိုက်နာခြင်း၊ ဗီတာမင်ချို့တဲ့ခြင်း အပြင် ခန္ဓာကိုယ် ဖွံ့ဖြိုးမှု နှောင့်နှေးခြင်းတို့ ဖြစ်နိုင်ကြောင်း ပြည်တွင်း ဆေးပညာရှင်များက ဆိုသည်။
မြန်မာနိုင်ငံသားများ၏ ခန္ဓာကိုယ် ဖွဲ့စည်းပုံသည် ဒေသတွင်း ဖွံ့ဖြိုးပြီး နိုင်ငံများထက် သိသိသာသာ နိမ့်နေကြောင်း၊ ဗီတာမင် အာဟာရ မစုံလင်ခြင်းကြောင့် ကလေးသူငယ်များ၏ ဉာဏ်ရည်နှင့် ကိုယ်ကာယကို ထိခိုက်စေကြောင်း အထွေထွေ ရောဂါကု ဆရာဝန် ဒေါက်တာ သီဟသစ်က ပြောကြားသည်။ အာဟာရဓာတ် ခြောက်မျိုးထဲက တစ်နှစ်အောက် ကလေးသူငယ်များတွင် ဗီတာမင်ဘီ ဝမ်းချို့တဲ့နှုန်း ပိုမြင့်ပြီး အချိန်မီ မကုသပါက အသက်သေဆုံးမှုအထိ ဖြစ်နိုင်ကြောင်း ၎င်းက သတိပေး ပြောဆိုသည်။

အလားတူ ဗီတာမင်အေ ချို့တဲ့လျှင်လည်း အမြင်အာရုံ တဖြည်းဖြည်း ထိခိုက်ပြီး မျက်စိကွယ်သည်အထိ ဖြစ်နိုင်သောကြောင့် ဗီတာမင် စုံလင်အောင် စားသောက်ရန် ဆေးပညာရှင်များက တိုက်တွန်းကြသည်။
“အာဟာရထဲမှာ အရေးကြီးဆုံးက ဇင့်ဓာတ်ပဲ။ မြန်မာနိုင်ငံက လူတွေကို စစ်ကြည့်ရင် ဇင့်ဓာတ် သေချာပေါက် နည်းတယ်လို့ ပြောနိုင်တယ်။ တကယ်တမ်း လိုတာက နည်းနည်းပဲ လိုတာပါပဲ။ ဒါပေမဲ့ ဖွံ့ဖြိုးရေးပိုင်းမှာ အများကြီး ကွာသွားတယ်” ဟု ဒေါက်တာ သီဟသစ်က အကြံပြုသည်။

မြန်မာနိုင်ငံတွင် အာဟာရ ချို့တဲ့မှုကြောင့် သွေးအားနည်း ရောဂါ၊ သူငယ်နာ ရောဂါများကို ယခုအချိန်ထိ ကာကွယ်နေရသည့်အပြင် အဝလွန်ရောဂါ၊ အာဟာရလွန်ကဲမှု နောက်ဆက်တွဲ ရောဂါများလည်း ရင်ဆိုင်နေရကြောင်း ကျန်းမာရေး ဝန်ကြီး ဌာနထံမှ သိရသည်။
အာဟာရချို့တဲ့ခြင်းကြောင့် ကလေးသူငယ်များ သေနှုန်း မြှင့်တက်လာသလို နှစ်စဉ်နိုင်ငံ GDP ၏ သုံးရာခိုင်နှုန်း ဆုံးရှုံးနေရကြောင်း ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဖေသက်ခင်က ပြောကြားသည်။

ရှေးဦးကလေးသူငယ် ပြုစုရေး ကျောင်းများနှင့် ကျောင်းနေအရွယ် ကလေးတိုင်း အာဟာရ စုံလင်ပြီး ဖွံ့ဖြိုးကြီးထွားရန် မြန်မာ့ရိုးရာ မုန့်များကဲ့သို့ ဓာတုပစ္စည်း မပါဘဲ သဘာဝအတိုင်း ပြုလုပ်ထားသော အစားအစာများကိုသာ ကျွေးရမည် ဖြစ်ကြောင်း၊ အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များ စားသုံးသော အကျင့်ကို ငယ်စဉ်ကတည်းက သင်ကြားပေးရန် လိုအပ်ကြောင်း ဒေါက်တာ သီဟသစ်က ဆိုသည်။
“မိဘတွေက စံပြပဲ။ ကလေးတွေကို မစားနဲ့လို့ တားတဲ့ မိဘတွေကလည်း ဒီအစားအစာတွေ မစားပြဖို့ လိုတယ်” ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

အာမခံမဲ့ ပြည်တွင်းရှိ မုန့်ဈေးကွက်ကြောင့် ကလေးသူငယ်များ၏ နောင်ရေး စိတ်မအေးသော မိဘများအတွက် ဒွိဟ မေးခွန်းများနှင့် နေ့စဉ် အဆိပ်အတောက်များကို စားသုံးရဦးမည်။

အလားတူ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) ၏ ဝန်ထမ်းအင်အား နည်းပါးမှုနှင့် ဝန်ကြီးဌာန အချင်းချင်း ပူးပေါင်းမှု မခိုင်မြဲသရွေ့ မုန့်ဈေးကွက် ဂယက်ကလည်း ဆက်လက် တည်တံ့နေဖွယ် ရှိသည်။

အိမ်နီးချင်း နိုင်ငံများမှ တင်သွင်းလာသော အရည်အသွေးနိမ့် အသင့်စားမုန့်များ ဝင်ရောက်မှု သက်တမ်း ကြာမြင့်လာသည်နှင့်အမျှ မြန်မာ ကလေးငယ်များ၏ သက်တမ်းမှာ တဖြည်းဖြည်း လျော့ပါးလာဖွယ် ရှိသောကြောင့် မိဘများ၏ စိုးရိမ်မှု ရေချိန် ပိုမြင့်လာသည်။

ယင်းဖြစ်ရပ်အပေါ် မန္တလေးမြို့နေ မိခင် တစ်ဦးကလည်း စိုးရိမ်မကင်းဟန်နှင့် ပြောကြားလာသည်။
“တစ်ခါတလေ ကလေးတွေတင် မကဘူး။ ကိုယ်တိုင်ပါ ဘာစားရမှန်း မသိတာ”

The Voice Weekly