ဖွဲ့စည်းပုံပြင်ဆင်မှု ကြီးလေးကြီး ဆွေးနွေးရန် မွန်ပြည်နယ်တွင် ဆန္ဒထုတ်ဖော်

ပို့စ်တင်ချိန် - 2/16/2014 05:18:00 PM


16-2-2014

ဒီမိုကရေစီ စံနှုန်းနှင့် မကိုက်ညီသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်၊ သူရဦးရွှေမန်းနှင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံဆွေးနွေးပေးရန် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက် ၁၀ နာရီက မွန်ပြည်နယ် ပေါင်မြို့တွင် လူဆယ်ဦးဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။
“ဒါကြောင့် ပြည်သူတွေ တောင့်တနေတဲ့ ဖွဲ့စည်းပုံပြင်ဖို့၊ စု-မန်း-စိန်-လှိုင် လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေး ပြည်တော်အေး ဆိုတဲ့အတိုင်း လေးဦးလုံး တွေ့ဆုံဆွေးနွေးမှ ပြည်သူတွေရဲ့ လိုအပ်ချက်ကို ရရှိမယ်လို့ ယူဆတဲ့အတွက် နိုင်ငံခေါင်းဆောင်တွေ သိအောင် ဆန္ဒထုတ်ဖော်ခြင်း ဖြစ်တယ်” ဟု ၎င်းကဆိုသည်။

ယင်းဆန္ဒထုတ်ဖော်မှုတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှ ပုဒ်မ ၅၉ (စ)၊ ပုဒ်မ ၅၉ (ဃ)၊ ပုဒ်မ ၄၃၅၊ ပုဒ်မ ၄၃၆ အပြင် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်း လှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ တို့ကို ဖျက်သိမ်းပေးရန် ဆန္ဒထုတ်ဖော်ခဲ့ခြင်းလည်း ဖြစ်ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

ဆန္ဒပြသူများသည် ၅၉ (စ) အလိုမရှိ၊ ၅၉ (ဃ) အလိုမရှိ၊ ဖွဲ့စည်းပုံ ၄၃၅ အလိုမရှိ၊ ဖွဲ့စည်းပုံ ၄၃၆ အလိုမရှိ၊ စီတန်း လှည့်လည်ခွင့်ဆိုင်ရာ ပုဒ်မ-၁၈ အလိုမရှိ စသည့် ကြွေးကြော် သံများနှင့်အတူ ယင်းကြွေးကြော် သံများကို ပိုစတာ၊ ဆိုင်းဘုတ် အနီရောင်များတွင် အဖြူရောင် စာသားများဖြင့် ရေးသား ကိုင်ဆောင်ပြီး လမ်းလျှောက် ဆန္ဒပြကြခြင်း ဖြစ်ကြောင်း၊ ထို့ပြင် ပြည်သူ့အသံ လွှတ်တော်အသံ ပိုစတာနှင့် စု-မန်-စိန်-လှိုင် လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေး ပြည်တော်အေး ပိုစတာ များကိုလည်း ကိုင်ဆောင်ထားကြောင်း ဒေသခံများက ပြောဆိုသည်။

ဆန္ဒပြမှုကို ပေါင်းရပ်ကွက်၊ ဇော်လေး ပင်လမ်းထိပ်ရှိ ရိုးမကဖီးဆိုင်အရှေ့မှ စတင်ပြီး ကဒုံစီးရပ်ကွက်၊ ဘီအိုစီလမ်းထောင့်ထိ စီတန်း လမ်းလျှောက်ခြင်း ဖြစ်ကြောင်း၊ အဆိုပါ ဆန္ဒထုတ်ဖော်မှု အတွက် ပေါင်မြို့နယ် ရဲတပ်ဖွဲမှူးထံ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ခွင့်ပြုမိန့် တောင်းခံခဲ့ခြင်း ဖြစ်ကြောင်းနှင့် ဆန္ဒပြခွင့် တောင်းခံသူများသည် သတ်မှတ် စည်းကမ်းချက်များနှင့် ညီညွှတ်မှု ရှိသဖြင့် ပေါင်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ခွင့်ပြုမိန့်ပေးခဲ့ခြင်း ဖြစ်ကြောင်း ပေါင်မြို့နယ်ရဲမှူး ဦးဝင်းသိန်းက ဆိုသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် ဥပဒေမူကြမ်းကို ပြည်ထောင်စု လွှတ်တော်ရှိ လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းက တင်ပြလာလျှင် အဆိုပါ ပြင်ဆင်ချက် ဥပဒေ မူကြမ်းကို ပြည်ထောင်စု လွှတ်တော်က လက်ခံဆွေးနွေးရမည် ဖြစ်ကြောင်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၃၅ တွင် ဖော်ပြထားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အခန်း (၁) ပုဒ်မ ၁ မှ ၄၈ အထိ၊ အခန်း (၂) ပုဒ်မ ၄၉ မှ ၅၆ အထိ၊ အခန်း (၃) ပုဒ်မ ၅၉၊ ၆၀၊ အခန်း (၄) ပုဒ်မ၊ ၇၄၊ ၁၀၉၊ ၁၄၁၊ ၁၆၁၊ အခန်း (၅) ပုဒ်မ ၃၁၄၊ ၃၂၀၊ အခန်း (၁၁) ပုဒ်မ ၄၁၀ မှ ၄၃၂ ထိ၊ အခန်း (၁၂) ပုဒ်မ ၄၃ု၆ တို့ရှိ ပြဋ္ဌာန်းချက်များကို ပြင်ဆင် လိုလျှင် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူ လက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲပေးခွင့်ရှိသူ အားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်ဟု ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ (က) တွင် ပြဋ္ဌာန်းထားပြီး ပုဒ်မ ၄၃၆/(ခ) တွင် ပုဒ်မခွဲ (က) တွင်ဖော်ပြထားသည့် ပြဋ္ဌာန်းချက်များမှအပ အခြားပြဋ္ဌာန်းချက် များကို ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံ ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်ဟု ပြဋ္ဌာန်း ထားခြင်း ဖြစ်သည်။

The Voice Weekly