လူမှုအခြေခံ အဆောက်အအုံ စီမံကိန်း ၃ ခု အတွက် ADB က ဒေါ်လာ ၂၈ သန်း ကူညီ

ပို့စ်တင်ချိန် - 2/16/2014 01:00:00 PM


ADB ၏ သတင်းစာ ရှင်လင်းပွဲကို ဖေဖော်ဝါရီ ၁၄ရက်က ရန်ကုန်မြို့ IBC အဆောက်အအုံတွင် ကျင်းပစဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ ဆင်းရဲမှု လျှော့ချရေး ဂျပန် ရန်ပုံငွေအဖွဲ့ JFPR က မြန်မာနိုင်ငံသို့ ထောက်ပံ ကူညီမှု အဖြစ် လူမှုရေး စီမံကိန်း ၃ ခုအတွက် အမေရိကန် ဒေါ်လာ ၂၈ သန်း ထောက်ပံမည် ဖြစ်ကြောင်း သိရသည်။

ယင်းစီမံကိန်း သုံးခုမှာ အမေရိကန် ဒေါ်လာ ၁၂ သန်းကုန်ကျမည့် စီမံကိန်းနှင့် ဒေါ်လာ ၁၀ သန်း ကုန်ကျမည့် စီမံကိန်းတို့ ဖြစ်ပြီး၊  စီမံကိန်းများအား ယခုလ ၁၁ ရက်တွင် သဘောတူ လက်မှတ်ထိုးခဲ့ကြောင်း သိရသည်။

ကျန်ရှိသည့် ဒေါ်လာ ၄ သန်း ကုန်ကျမည့် စီမံကိန်းကို ADB ဒါရိုက်တာ အဖွဲ့က မကြာမီ လက်မှတ်ရေးထိုးမည် ဖြစ်ကြောင်း ADB ၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲ Mr Kazuhiko Koguchi က ဆိုသည်။

“ဂျပန်ရန်ပုံငွေ အဖွဲ့က မကြာခင်ထပ်ပေးမယ့် စီမံကိန်း ကတော့ ဆင်းရဲ နွမ်းပါတဲ့ လူမှု အသိုင်းအ၀ိုင်းများကို အခြေခံ အဆောက်အအုံတွေ ကူညီဖို့ပဲ ဖြစ်ပါတယ်” ဟု ၄င်းက ပြောသည်။

အဆိုပါ စီမံကိန်းများကို ရန်ကုန်နှင့် မန္တလေးရှိ ကူညီထောက်ပံမှု အပြည့်အ၀ မရရှိသော နေရာများတွင် ရွေးချယ် ပံပိုး သွားမည် ဖြစ်ပြီး၊ မရှိမဖြစ် လိုအပ်သော အခြေခံ အဆောက်အအုံနှင့် ၀န်ဆောင်မှုများ ဖြစ်သည့် လမ်း၊ ရေမြောင်း၊ သောက်ရေသုံးရေ၊ မိလ္လာ စနစ် စသည့် အပိုင်းများတွင် လုပ်ဆောင် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ADB က ဖေဖော်ဝါရီ ၁၁ရက်တွင် လက်မှတ် ထိုးခဲ့သော စီမံကိန်း ၂ ခုမှာ ကျေးလက်ဒေသ အသက်မွေးဝမ်းကျောင်းမှု ၀င်ငွေများ ကောင်းမွန်ရေး စီမံကိန်းနှင့် အိတ်ခ်ျအိုင်ဗွီ ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရေး စီမံကိန်းတို့ ဖြစ်သည်။

ကျေးလက်ဒေသ အသက်မွေးဝမ်းကျောင်းမှု ၀င်ငွေများ ကောင်းမွန်ရေး စီမံကိန်းကို အမေရိကန်ဒေါ်လာ ၁၂ သန်း ထောက်ပံ ကူညီမည် ဖြစ်ပြီး၊ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသ၊ အလယ်ပိုင်း အပူပိုင်း ခြောက်သွေ့ဇုန်၊ တနင်္သာရီတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ် ကျေးလက် ဒေသများ၌ လုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

“ဒီစီမံကိန်းက ကျေးလက် ဒေသတွေမှာ နေထိုင်သူတွေထဲက လူပေါင်း ၇ သိန်း အတွက် အကျိုး ခံစားခွင့် ရရှိကြမှာပါ” ဟု Mr Putu Kamayana က ဆိုသည်။

အိတ်ခ်ျအိုင်ဗီ ကာကွယ်ရေး လုပ်ငန်းများ စီမံကိန်း အတွက် အမေရိကန် ဒေါ်လာ ၁၀ သန်း ကူညီ ထောက်ပံမည် ဖြစ်ပြီး ကျေးလက် ကျန်းမာရေး ဌာနခွဲများ တည်ဆောက်ခြင်း၊ မြို့နယ် ဆေးရုံများ ပြင်ဆင် မွမ်းမံခြင်း၊ ဆေးဝါး ကုသမှု ပစ္စည်းများနှင့် သင်တန်း ပေးခြင်းများ ဆောင်ရွက်သွားမည် ဟု ADB ၏ Executive Director for Japan ဖြစ်သည့် Mr Kazuhiko Koguchi က ပြောသည်။

“ကျန်းမာရေး ဌာနခွဲ ၄၇ ခု တည်ဆောက်ပေးမှာ ဖြစ်ပြီး မြို့နယ် ဆေးရုံ ၃ ခု ကို ပြင်ဆင် မွမ်မံပေးနိုင်ဖို့ ရည်ရွယ် ပါတယ်” ဟု ၄င်းက ပြောသည်။

အာရှဖွံ့ဖြိုးရေးဘဏ်(ADB) ၏ ဆင်းရဲမှု လျှော့ချရေး ဂျပန် ရန်ပုံငွေအဖွဲ့ JFPR က အများဆုံး အသုံးပြုသည့် ပမာဏမှာ အမေရိကန်ဒေါ်လာ ၃ သန်းသာ ဖြစ်သော်လည်း မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့၏ ဆက်ဆံရေး ကောင်းမွန် လာမှုကြောင့် ဂျပန် အစိုးရက ရန်ပုံငွေ တိုးမြှင့် ကူညီပေးလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ဧရာဝတီ