စင်ကာပူဆရာဝန်များ ပုသိမ်တွင် အခမဲ့ဆေးကု

ပို့စ်တင်ချိန် - 2/16/2014 01:09:00 PM


ပုသိမ်၊ ဖေဖော်ဝါရီ ၁၄

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ အထွေထွေရောဂါကု ဆေးရုံ၊ အရေးပေါ် ကုသမှုဌာန အဆောင်သစ်ကြီးတွင် စင်ကာပူနိုင်ငံမှ Global Clinic အဖွဲ့၏ ဆရာဝန် ၃၅ ဦးက ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှ ၂၀ ရက်နေ့အထိ အခမဲ့ဆေးကုသမှု ပေးမည်ဖြစ်ကြောင်း ဧရာဝတီတိုင်း အထွေထွေရောဂါကု ဆေးရုံမှ ဒုတိယဆေးရုံ အုပ်ကြီး ဒေါက်တာဒေါ်စိန်စိန်က ပြောကြားသည်။

စင်ကာပူနိုင်ငံမှ ဆရာဝန်များသည် ဖေဖော်ဝါရီလ ၁၄ ရက်နှင့် ၁၅ ရက် နေ့ထိ မျက်စိဝေဒနာရှင် ခွဲစိတ်လူနာ ၂၀၀၊ ဖေဖော်ဝါရီလ ၁၆ ရက်မှ ၂၀ ရက်နေ့ အထိ မျက်စိပြသရန်လူနာ ၃၀၀၀၊ သွားနှင့် ခံတွင်းလူနာ ၁၀၀၀ နှင့် မီးယပ်ရောဂါရှင် ၆၀၀ တို့ကို ကုသပေးသွားမည်ဖြစ်ပြီး နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများအတွက် ခွဲစိတ်ကုသရမည့် လူနာ ၄၀ ကိုလည်း ပုသိမ်ဆေးရုံကြီး၊ အဆောင်အမှတ် ၃၊ ၄ တို့တွင် ကုသမှုပေးမည် ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

ယင်းသို့ဆေးကုသမှု ပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ဆရာဝန်များနှင့် အလွှာစုံ ဝန်ထမ်း ၃၅ ဦးကို နေ့စဉ် တာဝန်ချထား ကူညီမှုပေးသွားမည် ဖြစ်ကြောင်း ၄င်းကဆိုသည်။

အဆိုပါအဖွဲ့တွင် မျက်စိအထူးကု ဆရာဝန် ၁၄ ဦး၊ သွားနှင့်ခံတွင်း အထူးကု ဆရာဝန် ကိုးဦး၊ သားဖွားနှင့် မီးယပ်အထူးကု ဆရာဝန်လေးဦး၊ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ အထူးကုဆရာဝန် ရှစ်ဦးတို့ ပါဝင်ပြီး ယခင်နှစ်များက အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် ကမ္ဘောဒီးယားနိုင်ငံ များတွင် ကုသပေးခဲ့ပြီဖြစ်ကြောင်း စင်ကာပူနိုင်ငံ Global Clinic အဖွဲ့မှ Team Leader အဖြစ် ဆောင်ရွက်သူ Miss Elizabeth Tam က ရှင်းပြသည်။

"မြန်မာပြည်ကို ပထမဆုံး လာရောက်ကုသပေးတာ ဖြစ်ပါတယ်။ အခမဲ့ လာရောက်ကုသမှု ပေးကြမယ့် ဆရာဝန်တွေ၊ သူနာပြုတွေ အားလုံးက ကိုယ့်စရိတ်နဲ့ကိုယ် လာကြတာပါ။ လူနာတွေကို ကုသမှုပေးဖို့ ဆေး၊ ခွဲစိတ်ဖို့ ကိရိယာတွေ တစ်ပါတည်း ယူလာပါတယ်၊၊ ဒီလို ကျန်းမာရေး စောင့်ရှောက်မှုမျိုး မြန်မာပြည်မှာ အများကြီး လိုအပ်နေပါတယ်။ အထူးသဖြင့် ကျေးရွာတွေမှာ ပိုလိုအပ်မယ်လို့ ထင်ပါတယ်" ဟု ၄င်းကဆိုသည်။

ပုသိမ်မြို့ပေါ်ရှိ လူမှုရေး အဖွဲ့အစည်း ၁၅ ဖွဲ့က နေ့စဉ် လူ ၃၀ ဖြင့် ကူညီမှုပေးရန် ဆောင်ရွက်ထားပြီး စင်ကာပူဆရာဝန်များ အဖွဲ့၏ တည်းခိုနေထိုင်ရေး၊ စားသောက်ရေး၊ ကုသမှု ခံယူမည့် လူနာစုဆောင်းရေး၊ ကုသမှုပေးမည့် နေရာစီစဉ် ပေးခြင်းများကို တိုင်းဒေသကြီး အစိုးရအဖွဲ့က တာဝန်ယူ ဆောင်ရွက်ပေးကြောင်း ကရုဏာ လူမှုကူညီရေးအဖွဲ့ အတွင်းရေးမှူး ဦးဇော်ဝင်းက ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့သို့ နိုင်ငံခြားမှ ဆရာဝန်များ အခမဲ့ လာရောက်ဆေးကုသမှု ပေးခဲ့သည်မှာ ယခု ဒုတိယအကြိမ် ဖြစ်ပြီး ပထမအကြိမ် အဖြစ် ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်မှ ၂၀ ရက်နေ့အထိ အမေရိကန်မှ ဆရာဝန်များ လာရောက် ဆေးကုသပေးခဲ့သည်။

The Voice Weekly