ပျဉ်းမနား ရဲတပ်ဖွဲ့စခန်း (အချုပ်)မှ အချုပ်သား တစ်ဦး မီးရှို့၍ မီးလောင်မှုဖြစ်

ပို့စ်တင်ချိန် - 2/16/2014 12:29:00 PM


ပျဉ်းမနား ဖေဖော်ဝါရီ ၁၅

နေပြည်တော်ကောင်စီ နယ်မြေ ပျဉ်းမနားရဲတပ်ဖွဲ့စခန်းရှိ (အချုပ်)တွင် အချုပ်သား တစ်ဦးက အချုပ်ခန်း သံတံခါးသော့ကို အဝတ်အထည်၊ ခြုံစောင်၊ ဂျာနယ် စက္ကူများကို အသုံးပြု၍ မီးရှို့မှုတစ်ခု ဖေဖော်ဝါရီ ၁၅ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၅ ရက် နံနက် ၉ နာရီခွဲခန့်က ပျဉ်းမနား ရဲတပ်ဖွဲ့စခန်းရှိ (အချုပ်)ခန်း အမှတ်(၇) တွင် ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် တရားစွဲဆိုခံရ၍ တရား ရင်ဆိုင်နေရသော မောင်မောင်နိုင်သည် ၎င်း၏ အသုံးအဆောင် ပစ္စည်းများ ဖြစ်သည့် အဝတ်အထည်၊ ခြုံစောင်၊ ဂျာနယ်စက္ကူများကို အချုပ်ခန်း တံခါးရှိ သော့ခလောက်ကို ရစ်ပတ်၍ မီးရှို့ခြင်းဖြစ်ပြီး အချုပ်ခန်း အမှတ်(၇) မှတစ်ဆင့် အခန်း ၄၊ ၅၊ ၈ စုစုပေါင်း အခန်းလေးခန်း ကူးစက် လောင်ကျွမ်းခဲ့ပြီး အချုပ်တာဝန်ခံမှ တစ်ဆင့် သက်ဆိုင်ရာ မီးသတ်စခန်းနှင့် ဒေသဆိုင်ရာများသို့ ဆက်သွယ် အကြောင်း ကြားချက်အရ နေပြည်တော် ကောင်စီဝင် ဦးမျိုးညွန့်၊ နေပြည်တော် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်အောင်၊ နေပြည်တော် မီးသတ် ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်မြင့်၊ ဒက္ခိဏခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီးဝင်းချွန်၊ မြို့နယ် ရဲတပ်ဖွဲ့မှူးများ၊ မြို့နယ် အုပ်ချုပ်ရေးမှူးများ ရောက်ရှိပြီး နံနက် ၁၀ နာရီ ၁၀ မိနစ်တွင် ပျဉ်းမနား မီးသတ်စခန်းမှ မီးသတ်ယာဉ် လေးစီး၊ အုပ်ချုပ်မှုယာဉ် တစ်စီး စုစုပေါင်း မီးသတ်ယာဉ် ငါးစီးဖြင့် ငြှိမ်းသတ်ခဲ့ရာ နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် မီးငြိမ်း သွားခဲ့ကြောင်းနှင့် "ကျွန်တော်တို့ ရဲတပ်ဖွဲ့ဝင်တွေဟာ မီးလောင်မှု သတင်းရလျှင် ရချင်း သက်ဆိုင်ရာကို အကြောင်းကြားပါတယ်။ နှုတ်က တားမြစ်တယ်။ သို့သော် သူတို့တွေဟာ တားဆီးလို့ မရတော့ ဂရင်နာ ပြောင်းချော သေနတ် ဗလာကျည်နဲ့ ၁၈ ချက်ခန့် ပစ်ဖောက်ပြီး တားမှ သူတို့ရဲ့ လုပ်ရပ်တွေ ရပ်တန်းက ရပ်ကြပါတယ်" ဟု ရဲတပ်ဖွဲ့မှ ပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက ရှင်းပြသည်။ နံနက် ၁၁ နာရီ မိနစ် ၂၀ ခန့်တွင် အခင်း ဖြစ်ပွားရာ အချုပ်ဝင်းမှ ပြင်ပရှိ လမ်းမသို့ ပျဉ်းမနားမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းမြင့် ထွက်လာစဉ် နေပြည်တော် အခြေစိုက် သတင်း မီဒီယာသမား သတင်းထောက် ၂၀ ခန့်က မေးမြန်းရာ "ကျွန်တော့် အနေနဲ့ ဒီကိစ္စ ဖြစ်ပေါ်လျှင် ဖြစ်ပေါ်ချင်း ရဲတပ်ဖွဲ့ အင်အားနဲ့ အမြန်ဆုံး ထိန်းသိမ်း တားမြစ်ပါတယ်။ ယခုတော့ အေးအေး ဆေးဆေး ဖြစ်သွားပါပြီ၊ ယခုကိစ္စမှာ ကျူးလွန်တဲ့ သူတွေကို ထပ်မံ၍ တရားဥပဒေ အရ အရေးယူ သွားမှာပါ" ဟု ပြောပြခဲ့သည်။

အချုပ်ခန်းအတွင်း အချုပ်သားများ မီးရှို့ခြင်းအပြင် ကာရံထားသော အုတ်နံရံများကို တွန်းကန် ဖျက်ဆီးမှုကြောင့် အချုပ်ခန်းတွင် ကာရံထားသော အုတ်နံရံများ ပျက်စီးကာ မီးငြှိမ်းသတ်သော မီးသတ် သမားများကို အချုပ်သားများက အုတ်ခဲကျိုးများဖြင့် ပစ်ပေါက်သောကြောင့် မီးသတ်သမားတချို့ ဒဏ်ရာ ရရှိခဲ့ကြောင်းနှင့် ပျဉ်းမနား အချုပ်တွင် အချုပ်သား အမျိုးသား ၂၃၆ ဦးနှင့် အချုပ်သား အမျိုးသမီး ၄၆ ဦး စုစုပေါင်း ၂၈၂ ဦးရှိပြီး ဤကဲ့သို့ အချုပ်တွင် မီးလောင်မှုကြောင့် အချုပ်နှင့် အနီး တစ်ဝိုက်တွင် နေထိုင်ကြသော ဒေသခံများနှင့် မြို့ပေါ်မှ ဒေသခံများ အုတ်အော် သောင်းတင်း ထိတ်လန့်မှုများ ဖြစ်ပွားခဲ့ရကြောင်း သိရသည်။

MOI Webportal Myanmar