ရွှေကူတွင် တရားမဝင် ရွှေတူးဖော်မှု ဖမ်းဆီးခြင်းမရှိဟုဆို

ပို့စ်တင်ချိန် - 2/16/2014 01:09:00 PM


မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၁၄

ကချင်ပြည်နယ် ရွှေကူမြို့နယ် ဧရိယာအတွင်း ရွှေကျင်သည့် စက်ဆိုင်းများဖြင့် တရားမဝင် ရွှေတူးဖော်နေမှုများ ရှိနေသော်လည်း မြို့နယ် အုပ်ချုပ်ရေးအဖွဲ့နှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများက ဖမ်းဆီး အရေးယူခြင်း မရှိဟု ရွှေကူဒေသခံများနှင့် တရားဝင် ရွှေတူးဖော်ရေး ကုမ္ပဏီများထံမှ စုံစမ်းသိရှိရသည်။

ရွှေကူမြို့နယ် စင်းဖုတ်ကျေးရွာ အုပ်စုအတွင်း နန့်ဖားရွှေမှော်ဒေသရှိ သက်ကယ်ပြန့် လုပ်ကွက်၊ ကနခိုသစ်စိမ်း တောလုပ်ကွက်၊ မိုက်စမ်း-ကျောက်လုံးကြီး လုပ်ကွက်နှင့် ငါးဘတ်ကြီး ကျေးရွာအုပ်စု အတွင်းရှိ ရွှေလုပ်ကွက်များတွင် တရားမဝင် ရွှေကျင်သည့် စက်ဆိုင်းပေါင်း ၈၀ ကျော်ခန့်ကို ဖမ်းဆီး အရေးယူခြင်းများ မပြုလုပ်ဘဲ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့မှ ရွှေကျင်သည့် စက်ဆိုင်း တစ်ဆိုင်းလျှင် လစဉ်ကြေး တစ်လကျပ် ၅၀၀၀၀ ကောက်ခံလျက် ရှိကြောင်း တရားဝင် ရွှေတူးဖော်ရေး ကုမ္ပဏီ ဖြစ်သော Gold Season ရွှေတူးဖော်ရေး တာဝန်ခံ ဦးထွန်းမောင်က ပြောကြားသည်။

“တရားဝင် ကုမ္ပဏီတွေက အုပ်ချုပ်ရေး တာဝန်ရှိသူတွေကို တင်ပြရင် နယ်မြေဒေသ အခြေအနေအရ သွားရောက် ဖမ်းဆီးမှု မပြုနိုင်ဘူးလို့ ပြန်ပြောတယ်။ ဒါပေမဲ့ နန့်ဖား ရွှေမှော်တွေထဲအထိ အုပ်ချုပ်ရေး အဖွဲ့တွေက လစဉ်ကြေး သွားကောက် နေကြတာကိုတော့ တွေ့ရတယ်” ဟု ၎င်းကဆိုသည်။

ရွှေကူမြို့နယ်တွင် သတ္တုတွင်း ဝန်ကြီးဌာန၊ အမှတ် (၂) သတ္တုတွင်း လုပ်ငန်းမှ မြို့နယ်တာဝန်ခံ အင်ဂျင်နီယာရုံး ထားရှိသော်လည်း သက်ဆိုင်ရာ အဖွဲ့အစည်း အနေဖြင့် တရားမဝင် ရွှေတူးဖော်ရေး လုပ်ကိုင်နေသူများကို အရေးယူ ဆောင်ရွက်ခြင်း မရှိကြောင်း ငါးဘတ်ကြီး ကျေးရွာအုပ်စု ငါးဘတ်ဝဒေသရှိ KSG – 18 လုပ်ကွက်တွင် တရားဝင် ရွှေတူးဖော်ရေး လုပ်ငန်း လုပ်ကိုင်နေသည့် လုပ်ငန်းရှင် ဦးခင်မောင်မြင့်က ပြောကြားသည်။
“ကျွန်တော်တို့က နိုင်ငံတော်ကို တစ်နှစ်စာ တရားဝင် ရွှေတူးဖော်ခွင့် အတွက် ရွှေစင် ၂၄ ကျပ်သား ပေးသွင်းထားတယ်။ တရားဝင် ကုမ္ပဏီတွေကိုကျတော့ မြို့နယ် တာဝန်ခံ ခွင့်ပြုမိန့်ရှိမှ တူးဖော်ဖို့ စာထုတ်တယ်။ ကျွန်တော်တို့ ဝန်းကျင်မှာ တရားမဝင် ရွှေကျင်နေတဲ့ စက်ဆိုင်းတွေကျတော့ အရေးယူ ဆောင်ရွက်ခြင်း မရှိတဲ့အပြင် တရားဝင် ကုမ္ပဏီတွေဆီကနေ မြို့နယ် သတ္တုတာဝန်ခံက Officer ကြေး (တာဝန်ခံ အရာရှိအတွက် လစဉ်ကြေး) ဆိုပြီး တစ်လသုံးသိန်း တောင်းတာကိုလည်း အသားလွတ် ပေးနေရတယ်” ဟု ၎င်းကဆိုသည်။

သက်ကယ်ပြန့် လုပ်ကွက်အတွင်းရှိ တရားမဝင် ရွှေတူးဖော်လုပ်ငန်း လုပ်ကိုင်နေသူ ကိုသိန်းက “ကျွန်တော်တို့ မြို့နယ် အုပ်ချုပ်ရေးရုံးကို တစ်လ ၅၀၀၀၀ လစဉ် ကြေးပေးရတယ်။ ဒီလ (ဖေဖော်ဝါရီလ) အတွက်လည်း ပေးပြီးသွားပြီ” ဟု ဆိုသည်။

ရွှေကူမြို့နယ် အတွင်းရှိ တရားမဝင် ရွှေတူးဖော်သူများနှင့် ပတ်သက်၍ သတင်း ရရှိသည်နှင့် တစ်ပြိုင်တည်း ဖမ်းဆီးအရေးယူမှုများ ပြုလုပ်လျက်ရှိပြီး မြို့နယ် အုပ်ချုပ်ရေးအဖွဲ့က တရားမဝင် ရွှေတူးဖော်သူများထံမှ လစဉ်ကြေး ၅၀၀၀၀ ကျပ် ကောက်ခံခြင်းမျိုးကို ပြုလုပ်ခြင်း မရှိကြောင်း ရွှေကူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးညီညီက ပြောကြားသည်။

ရွှေကူမြို့နယ် သတ္တုတာဝန်ခံ အင်ဂျင်နီယာ ဦးတင်ကိုကိုကလည်း “တရားမဝင် ရွှေစက်ဆိုင်းတွေနဲ့ ပတ်သက်လို့ မြို့နယ်အုပ်ချုပ်ရေး တာဝန်ရှိသူတွေကို တင်ပြပြီး အားလုံးပါဝင်တဲ့ ပူးပေါင်းအဖွဲ့နဲ့ မကြာမကြာ ဖမ်းဆီးတာမျိုး ပြုလုပ်ပါတယ်။ မြို့နယ် သတ္တုရုံးအနေနဲ့ တရားဝင် ကုမ္ပဏီတွေဆီကတော့ အခွန်အခထပ်ပြီး ကောက်ခံတာမျိုး မရှိပေမယ့် ကုမ္ပဏီတွေက ဒီက ဝန်ထမ်းတွေကိုပေးတဲ့ ကြီးကြပ်သူ (Observer) ကြေးတော့ ရှိပါတယ်” ဟုဆိုသည်။

ကချင်ပြည်နယ်တွင် တရားမဝင် ရွှေတူးဖော်ခြင်း လုပ်ငန်းများနှင့် ပတ်သက်ပြီး သတင်းရလျှင်ရချင်း ဖမ်းဆီး အရေးယူမှုများကို ဆောင်ရွက်လျက် ရှိကြောင်း၊ နိုင်ငံရေး မတည်ငြိမ်မှု များကြောင့် ဖမ်းဆီး အရေးယူမှုပြုရာတွင် လုံခြုံရေး အခြေအနေအရ အကန့်အသတ်များ ရှိနေသေးကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

The Voice Weekly