နိုင်ငံသား စိစစ်ရေးကတ်တွင် လူမျိုးနှင့် ဘာသာအမည် ထည့်သွင်းတော့မည် မဟုတ်ဟု ဦးခင်ရီဆို

ပို့စ်တင်ချိန် - 2/12/2014 05:35:00 PM




ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁

လူမျိုး သတ်မှတ်ချက်များနှင့် ပတ်သက်၍ အငြင်းပွားမှုများ ဖြစ်ပွားနေသည့် မြန်မာနိုင်ငံ၌ သန်းခေါင်စာရင်း ကောက်ယူပြီး နောက်ပိုင်း နိုင်ငံသားစိစစ်ရေး ကတ်များတွင် လူမျိုးနှင့်ဘာသာ ဖော်ပြချက်များကို ထည့်သွင်း ဖော်ပြတော့မည် မဟုတ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားသည်။

သန်းခေါင်စာရင်း ကောက်ယူပြီး နောက်ပိုင်းတွင် ယင်းစနစ်ကို အကောင်အထည်ဖော်မည် ဆိုသော်လည်း အချိန်ကာလ အတိအကျကို ပြောဆိုခြင်း မရှိပေ။

နိုင်ငံသား စိစစ်ရေးကတ်တွင် လူမျိုး၊ ဘာသာအမည် ထည့်သွင်းဖော်ပြမည် မဟုတ်သော်လည်း နိုင်ငံသား စိစစ်ရေးကတ် ကိုင်ဆောင်သူ၏ လူမျိုးနှင့် ဘာသာကို မှတ်တမ်းအနေနှင့် ဝန်ကြီးဌာနက သိမ်းဆည်းထားမည် ဖြစ်ကြောင်း ဦးခင်ရီက ဆိုသည်။
“နိုင်ငံတကာမှာလည်း မှတ်ပုံတင်မှာ လူမျိုးဆိုတာ မထည့်ဘူး။ ဘာသာ ဆိုတာလည်း မထည့်ကြဘူး။ နောင်မှာ ကျွန်တော်တို့မှာလည်း လူမျိုး၊ ဘာသာ မထည့်တော့ဘူးလို့ ယာယီ ဆုံးဖြတ်ထားတယ်” ဟု ၎င်းကပြောဆိုသည်။

နိုင်ငံတကာတွင် သန်းခေါင်စာရင်း ကောက်ယူရာ၌ လူမျိုး၊ ဘာသာစာရင်းများကို ကောက်ယူခြင်း မရှိသော်လည်း မြန်မာနိုင်ငံတွင် အငြင်းပွားမှုများ ရှိနေသဖြင့် ယင်းပြဿနာများကို ဖြေရှင်းရန် လာမည့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းတွင် လူမျိုး၊ ဘာသာစာရင်းများကို ထည့်သွင်း ကောက်ယူမည် ဖြစ်ကြောင်း ဦးခင်ရီက ထပ်မံပြောကြားသည်။

နိုင်ငံသား စိစစ်ရေးကတ်တွင် လူမျိုး၊ ဘာသာ ထည့်သွင်းနေသည့် ကိစ္စကို တိုင်းရင်းသားများ၏ သဘောဆန္ဒအရသာ လုပ်ဆောင်သင့်ကြောင်း၊ တိုင်းရင်းသား လူမျိုးများ၏ အမျိုးသား ကြန်အင် လက္ခဏာကို မဖျောက်ဖျက် သင့်ကြောင်း မွန်ဒေလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးနိုင်ငွေသိန်းက ဆိုသည်။
“ဘယ်သူမှ နစ်နာမှု မရှိအောင် လုပ်ဖို့လိုတယ်။ မဟာဝါဒီ မဆန်ဖို့လိုတယ်။ ဒီအချက်က သိပ်အရေးကြီးတယ်” ဟု ၎င်းကမှတ်ချက်ပေးသည်။

နိုင်ငံသား စိစစ်ရေးကတ်တွင် လူမျိုး၊ ဘာသာ အမည်များကို ဖော်ပြချက် မထည့်တော့ဟု ဆိုသည့်ကိစ္စသည် ပြည်သူလူထု တစ်ရပ်လုံးနှင့် သက်ဆိုင်နေသဖြင့် ပြည်သူလူထုက ရွေးကောက် တင်မြှောက်ထားသည့် လွှတ်တော် ကိုယ်စားလှယ်များ၏ အဆုံးအဖြတ် ရယူပြီးမှာ လုပ်ဆောင်သင့်ကြောင်း ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာ ကော်မတီ ဥက္ကဋ္ဌ ဦးခက်ထိန်နန်က အကြံပြုသည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီဥက္ကဋ္ဌ ဒေါက်တာ အေးမောင်ကမူ “သတ္တိရှိရင် နိုင်ငံကိုပါ ဖြုတ်လိုက်ရင် မကောင်းဘူးလား မေးချင်တယ်” ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုး ၁၃၅ မျိုး ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

The Voice Weekly