တည်းခိုခန်းတွင် အမျိုးသားတစ်ဦး ရုတ်တရက်သေဆုံး

ပို့စ်တင်ချိန် - 2/12/2014 05:29:00 PM


သင်္ဃန်းကျွန်းမြို့နယ်ရှိ တည်းခိုခန်းတစ်ခုတွင် ဇနီးဖြစ်သူနှင့်အတူ တည်းခိုနေသည့် အမျိုးသားတစ်ဦး ဖေဖော်ဝါရီ ၉ ရက်ညက ရုတ်တရက်သေဆုံးခဲ့သဖြင့် မြို့နယ်ရဲစခန်းက ဓမ္မတာတိုင်း သေဆုံးခဲ့ခြင်း ဟုတ်မဟုတ် စစ်ဆေးဖော်ထုတ်နေသည်ဟု ဆိုသည်။

ဖြစ်စဉ်မှာ စံပြဆေးရုံကြီးတွင် အမျိုးသားတစ်ဦး သေဆုံးရောက်ရှိလာကြောင်း ည ၁၂ နာရီခွဲအချိန် သတင်းအရ မြို့နယ်ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်ဟု ဆိုထားသည်။

ထို့ကြောင့် သေဆုံးသူမှာ ရခိုင်ပြည်နယ် မြေပုံမြို့နယ်၊ အုန်းချောင်းကျေးရွာတွင် နေထိုင်သည့် ဦးအောင် မြင့်သိန်း(၃၈)နှစ်၊ ငါးခြောက်အရောင်းအ၀ယ် လုပ်ကိုင်သူ ဖြစ်သည်ဟု အတည်ပြုထားသည်။

၎င်းသည် သင်္ဃန်းကျွန်းမြို့နယ် ဆောင်းသဇင်တည်းခိုခန်းတွင် ဇနီးဖြစ်သူ မခင်မာစန်းနှင့်အတူ အခန်း အမှတ် (၁၀၁) တွင် တည်းခိုအိပ်စက်နေစဉ် ည ၁၂နာရီခွဲအချိန်တွင် ရုတ်တရက်သေဆုံးခဲ့ခြင်းဖြစ်သည် ဟု ဆိုထားသည်။

သေဆုံးသူသည် အိပ်နေစဉ်အတွင်း ဘေးတစ်ဖက်သို့လှည့်စဉ် ဇက်နာသွားကြောင်းပြောပြီး ဘာမျှမေး မရတော့သဖြင့် စံပြဆေးရုံကြီးသို့ ကားဖြင့်ပို့အပ်ရာလမ်းတွင် သေဆုံးသွားခြင်းဖြစ်သည်ဟု ဇနီးဖြစ်သူက ရဲထံတွင် ထွက်ဆိုထားသည်။

လက်ရှိတွင် သေဆုံးသူအလောင်းကို ရင်ခွဲစစ်ဆေးနိုင်ရန် မြောက်ဥက္ကလာပဆေးရုံသို့ ပို့ဆောင်ထားပြီး ဓမ္မတာတိုင်း သေဆုံးခဲ့ခြင်း ဟုတ်မဟုတ်ကို ဆက်လက်စစ်ဆေးပေးရန် ဒု-ရဲအုပ် ငွေမိုးက တိုင်တန်းထား သည်။

ထို့ကြောင့် မြို့နယ်ရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၁/၂၀၁၄ဖြင့် အမှုဖွင့်ပြီး ဒု-ရဲမှူးသိန်းဟန်က ဆက် လက်စစ်ဆေး လျက်ရှိသည်။

ဇော်ဇော်ထွေး
Mizzima - News in Burmese