ယနေ့အလွန်အရေးကြီးသော ကိစ္စသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဖြစ်ကြောင်းဦးတင်ဦးပြောကြား

ပို့စ်တင်ချိန် - 2/12/2014 08:43:00 PM

The Myanma Age
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂။

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးသည် ယနေ့အလွန်အရေးကြီးသောကိစ္စဖြစ်ကြောင်း ၆၇နှစ်မြောက်ပြည်ထောင်စုနေ့အခမ်းအနားတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိ ဦးတင်ဦးက ပြောကြားလိုက်သည်။
“အလွန်အရေးကြီးနေတဲ့ကိစ္စက၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဖြစ်တယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၀၂ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲဝင်ကထဲက မူဝါဒသဘောထားထဲမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး သဘောထားကို ကိုင်စွဲပြီး ရွေးကောက်ပွဲအောင်မြင်စွာဝင်ခဲ့တယ်။ ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ပြည်ထောင်စုတောင်တန်းသား တိုင်းရင်းသားပြည်နယ်တွေကို ဦးစားပေးပြီး မရပ်မနား အင်အားနဲ့ကြိုးစား အားထုတ်အပင်ပန်းခံပြီး စည်းရုံးရေးဆင်းလျက်ရှိနေပါတယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သဘာပတိ ဦးတင်ဦးက ပြောသည်။

ဆက်လက်ပြီးပြောကြားရာတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အချက်အလက်များအားခြုံငုံ လိုက်ပါက-ဗိုလ်ချုပ်အောင်ဆန်း၏ လမ်းစဉ်ဖြစ်သည့် စစ်တပ်သည်ပြည်သူ့လွှတ်တော်ကို်မည်သည့်အခါမှမလွှမ်းမိုးရ-ပြည်သူ့လွှတ်တော်ကသာ စစ်တပ်ကိုလွှမ်းမိုးစေရမည်ဆိုသည့် သဘောတရားကို ဖျက်ဆီးကာပြည်သူသာအမိ ပြည်သူသာအဖ ဖြစ်ရမယ့် အစဉ်လာကောင်း များကိုပါ ဖျက်သိမ်းလျက် တပ်မတော်သာ အမိ တပ်မတော်သာအဖ ဆိုသည့်သဘောထားကို အခိုင်အမာ ဆုပ်ကိုင်ထားသည် ဟု  သဘာပတိ ဦးတင်ဦးမှ ပြောသည်။

“၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အချက်များကို ပယ်သင့်တာပယ် ဖြုတ်သင့်တာဖြုတ်- နှုတ်သင့်တာနှုတ်- ဖြည့်သင့်တာဖြည့် အစားထိုးသင့်တာ ပြင်ဆင် အစားထိုး ခြင်းဖြင့် ပြောင်းလဲပြစ်မှသာ အမှန်ဖြစ်ပါတယ်။ အခု၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပြင်ဆင်နိုင်တယ်ဆိုတဲ့ အချက်တွေကို ထည့်ထားပေမယ့် ပြင်လို့မရအောင် တင်းကြပ်ထားတာဖြစ်တယ် ” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သဘာပတိ ဦးတင်ဦးမှ ပြောကြားခဲ့သည်။

မျှော်လင့်ထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန်အတွက် ခက်ခဲအောင်ပြုထားသည့် အချက်များကို  ပြောင်းလဲပစ်ကာ ကြိုးပမ်းအားထုတ်ဆောင်ရွက်နိုင်ကြလျှင် နိုင်ငံတော်ဘက်စုံ တိုးတတ်မြင့်မားလာစေရန် စိတ်ဓာတ်တို့ဖြင့် ကြိုးပမ်းနိုင်ကြစေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သ ဘာပတိ ဦးတင်ဦးမှ တိုက်တွန်း ပြောကြားခဲ့သည်။

ရွှေထွဋ်
The Myanma Age