ညောင်ဦးမြို့၌ နိုင်ငံခြားသားသုံးဦး စီးနင်းလိုက်ပါလာသော မီးပုံးပျံတစ်လုံး အဆင်းတွင် သစ်ပင်၌ချိတ်နေပြီး ခက်ခက်ခဲခဲ ဆင်းသက်ခဲ့ရ

ပို့စ်တင်ချိန် - 2/12/2014 11:21:00 AM


ညောင်ဦးမြို့တွင် ဆွစ်ဇာလန်နိုင်ငံမှ Mr. Blaser အဖွဲ့ဝင် မီးပုံးပျံတစ်လုံး ဖေဖော်ဝါရီ ၁၀ ရက် နံနက်ပိုင်းက ဧရာဝတီမြစ်ကမ်းပါး အနီး၌ ခက်ခက်ခဲခဲ ဆင်းသက်ခဲ့ရသော်လည်း ထိခိုက်ဒဏ်ရာရရှိမှု တစ်စုံတစ်ရာ မရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

“မီးပုံးပျံကြီးက အောက်ကိုစိုက်ပြီး ဆင်းလာတယ်။ ပြီးမှပဲခင်းအတိုင်း တရွတ်တိုက်ပါပြီး ရပ်သွားတယ်။ လိုက်ပါလာသူတွေက အော်တယ်။ မီးပုံးပျံက အနားကအိမ်ရဲ့ သစ်ပင်ပေါ်ကို လဲကျသွားတယ်။ ပိတ်စတွေတော့ ပျက်စီးသွားတယ်” ဟု ကိုယ်တွေ့မြင်လိုက်ရသော ညောင်ဦးမြို့မှ ဒေသခံတစ်ဦးက ဆိုသည်။

အဆိုပါမီးပုံးပျံသည် ပုဂံညောင်ဦးတွင် (၁၆)ကြိမ်မြောက် နိုင်ငံတကာ မီးပုံးပျံပွဲတော်အဖြစ် လာရောက်ပျံသန်းသော Mr. Blaser အဖွဲ့မှဖြစ်ပြီး မစ္စတာစတိန်နာဆိုသူ မောင်းနှင်ကာ အဖွဲ့ဝင်နိုင်ငံခြားသား အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦး စုစုပေါင်းသုံးဦး လိုက်ပါလာခြင်းဖြစ်ကြောင်း၊ နံနက် ၇ နာရီတွင် ပုဂံလောကနန္ဒာ မြစ်ရေတင်အနီးမှ တက်လာခဲ့ခြင်းဖြစ်ပြီး၊ ကျွန်းဘက်သို့ သွားရောက်မဆင်းလို၍ ညောင်ဦးဘက်ကမ်း၊ ရုံးညောင်ပင်ကူးတို့ဆိပ်အနီး ဆင်းသက်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မီးပုံးပျံမောင်းနှင်သူ ပိုင်းလော့က ၎င်းသည်ခက်ခဲသော ဆင်းသက်မှုကို ပြုလုပ်ခဲ့ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

Mr. Blaser အဖွဲ့သည်နှစ်စဉ် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေသို့ လာရောက်ကာ မီးပုံးပျံများစီးခြင်း၊ လေထီးအလွတ် ခုန်ခြင်းများ ပြုလုပ်လေ့ရှိကြောင်း သိရပြီး ယခုနှစ်တွင်လည်း ပိုင်းလော့ရှစ်ဦး၊ အဖွဲ့ဝင် ၂၁ ဦး၊ မီးပုံးပျံခုနစ်လုံးတို့ဖြင့် မန္တလေး၊ စစ်ကိုင်း၊ မုံရွာ၊ ပုဂံ၊ အင်းလေး၊ ပင်းတယ စသည့်ဒေသများတွင် ပျံသန်းရန် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေသို့ ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလအတွင်း ကမ္ဘာလှည့်ခရီးသွား ၀င်ရောက်မှုသည် တစ်ရက်လျှင် ပျမ်းမျှ ၉၅၅ ဦးနှုန်း ၀င်ရောက်လာခဲ့ပြီး ၂၀၁၃ ခုနှစ်အတွင်း ၁၉၆၃၆၅ ဦး ၀င်ရောက်လာခဲ့ရာ ဥရောပမှပြင်သစ်၊ ဂျာမန်လူမျိုးများ အများဆုံးဝင်ရောက်ခဲ့ပြီး၊ အာရှမှ ထိုင်းနှင့်ကိုရီးယားလူမျိုးများ အများဆုံး ၀င်ရောက်ခဲ့ကြောင်း သိရသည်။

သစ်ပင်နှင့်ချိတ်နေသော မီးပုံးပျံအား ပြန်လည်ဖြုတ်ယူမှုများ ပြုလုပ်နေစဉ်

Eleven Media Group