ဖွဲ့စည်းပုံကို ဒီမိုကရေစီဆန်အောင် ပြင်ဆင်ပေးဖို့ ဟင်္သာတ၌ လူ၁ဝဝကျော် ဆန္ဒပြတောင်းဆို

ပို့စ်တင်ချိန် - 2/12/2014 11:03:00 PM


အရင်က စစ်အစိုးရခေါင်းဆောင်တွေ အာဏာမြဲဖို့ မတရားရေးဆွဲအတည်ပြုခဲ့တဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံကို ဒီမိုကရေစီနည်းကျအောင် ပြင်ဆင်ပေးဖို့ ဧရာဝတီတိုင်း ဟင်္သာတက ပြည်သူ ၁ဝဝကျော်က ဖေဖော်ဝါရီ ၁၁ရက်နေ့မှာ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။

လက်ရှိဖွဲ့စည်းပုံဟာ စစ်တပ်အရာရှိတွေသာ သမ္မတဖြစ်ဖို့ လမ်းကြောင်းဖွင့်ထားတာဖြစ်ပြီး အခုချိန်ထိ အာဏာရှင်စိတ်မပျောက်သေးလို့ ဖွဲ့စည်းပုံကို မပြင်ကြသေးတာလို့ ဆန္ဒပြမှုကို ဦးဆောင်တဲ့ ကိုစိန်သောင်းက ဆိုပါတယ်။

ဆန္ဒပြသူတွေဟာ ဟင်္သာတမြို့ အောင်တော်မူ ကျောက်ထီးစေတီကနေ မြို့တစ်ပတ် လမ်းလျှောက်ခဲ့ ကြပြီး မြို့နယ် အုပ်ချုပ်ရေးမှူးရုံးရှေ့မှာလည်း ဖွဲ့စည်းပုံဆိုင်ရာ ဟောပြောပွဲကို ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံသားအားလုံး တန်းတူအခွင့်အရေးရရှိဖို့အတွက် ပါဝင်တာဖြစ်ပြီး ပုဒ်မ ၅၉(စ)ကို အဓိပြင်ဆင် ချင်တဲ့အကြောင်းနဲ့ ဖွဲ့စည်းပုံမပြင်ဘူးဆိုရင် လက်ရှိ အုပ်ချုပ်သူတွေပါ တစ်ချိန်မှာ အထိနာမယ်လို့ ဆန္ဒပြသူ ကိုသန်းစိုးနဲ့ ဒေါ်ဆွေဆွေနွယ်တို့က ဆိုပါတယ်။

၂ဝဝ၈ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ ပုဒ်မ ၁၈ဖျက်သိမ်းရေးနဲ့ နိုင်ငံသားအခွင့်အရေး အပြည့်အဝ ရရှိရေးဆိုတဲ့အချက် ၃ချက်ကို ကြွေးကြော်ခဲ့ကြပါတယ်။

Kamayut Media