ထွက်ပြေးလာသူတွေထဲက လူ ၁၁၁ ယောက်ကို ဆက်လက်ဖမ်းဆီးထား

ပို့စ်တင်ချိန် - 2/12/2014 12:48:00 PM

Homs မြို့တွင်းက အခြေအနေ

ဆီးရီးယား နိုင်ငံ ဟွန်းမ်စ် မြို့မှာ ယာယီ အပစ်အခတ် ရပ်စဲပြီး အရပ်သားတွေကို ရွှေ့ပြောင်းပေး နေရာမှာ ဆီးရီးယား အစိုးရက ယောက်ျားကြီး ယောက်ျားငယ် တချို့ကို ဖမ်းဆီး ထားပါတယ်။

ဒီလို ဖမ်းဆီး ထားတာကို စိုးရိမ် ပူပန် မိတယ်လို့ ကုလသမဂ္ဂ အေဂျင်စီတွေက ထုတ်ဖော် ပြောဆိုလိုက်ပြီး ရွှေ့ပြောင်းသူ အရပ်သားထဲက ယောက်ျားကြီးနဲ့ လူငယ်လေးတွေကို အစိုးရက ဖမ်းဆီးထားတာ စုစုပေါင်း လူအယောက် ၃ဝဝ ကျော်ရှိပါတယ်။

Homs မြို့ရဲ့ အုပ်ချုပ်ရေးမှူး ကတော့ ဖမ်းထားသူတွေ အနက် ၁၉၀ ကို အခုလွှတ်ပေးလိုက်ပြီလို့ သူက ဆိုပြီး လူ ၁၁၁ ယောက်ကိုတော့ ဆက်လက်ဖမ်းဆီးထားတယ်လို့ သူက ဆိုပါတယ်။

အခုလို ဆက်လက် ဖမ်းဆီးထားတာဟာ သူတို့ကို စစ်ဆေးစရာ ရှိသေးလို့ ဆိုပြီး အုပ်ချုပ်ရေးမှူးက အကြောင်းပြပါတယ်။

ဖမ်းဆီးထားသူတွေ အားလုံးဟာ အသက် ၁၅ နှစ်ကနေ ၅၅ နှစ် အတွင်းရှိတဲ့ ယောက်ျားတွေချည်းပဲ ဖြစ်ပါတယ်။

အခု ကျန်နေသေးတဲ့ သူတွေထဲက တချို့ကို ပြန်လွှတ်ပေးဖို့ ရှိသေးပေမဲ့ တချို့ကတော့ တရားစွဲခံရမယ်လို့ ဆီးရီးယား ပြန်ကြားရေး ဝန်ကြီး ဌာန အကြံပေး ဘတ်ဆမ် အဗ္ဗဒူလာ ကဘီဘီစီကို ပြောပါတယ်။

ဖမ်းဆီးထားသူတွေကို ကျောင်းတကျောင်း အတွင်းမှာ ချုပ်နှောင်ထားတာ ဖြစ်ပြီး ကုလသမဂ္ဂက အခြေအနေကို စောင့်ကြည့်နေပါတယ်လို့လည်း ကုလသမဂ္ဂ ဒုက္ခသည်များ မဟာမင်းကြီးရုံးက ပြောရေးဆိုခွင့်ရှိ အမျိုးသမီး မယ်လစ်ဆာ ဖလဲမင်းက ပြောပါတယ်။

သောကြာနေ့တုန်းက အပစ်အခတ် ရပ်စဲပြီးနောက်မှာ မြို့ကို စွန့်ခွာထွက်ပြေးသူ ၁၁၀၀ ကျော်ရှိခဲ့ပါတယ်။

BBC Burmese