အိန္ဒိယလုပ် ကား တွေ နယ်စပ်ဖြတ်ကျော် တင်သွင်းခွင့် ပြုတော့မယ်

ပို့စ်တင်ချိန် - 2/12/2014 02:39:00 PM


၆၂၄ စီစီ အင်ဂျင်ပါဝါရှိတဲ့ အိန္ဒိယနိုင်ငံလုပ် Tata-Nano ကားတစီး၊ ဓာတ်ပုံ- ၀ီကီပီဒီးယား

အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့မှာ ပြုလုပ်ခဲ့တဲ့ ဒေသခံကုန်သည်တွေနဲ့ တွေ့ဆုံတဲ့အခန်းအနားမှာ အိန္ဒိယနိုင်ငံက ထုတ်လုပ်တဲ့ ကားတွေကို မြန်မာနိုင်ငံက တရားဝင် တင်သွင်းခွင့်ပြုတော့မှာ ဖြစ်ပါတယ်။

အိန္ဒိယက ထုတ်လုပ်တဲ့ အင်ဂျင်ပါဝါ ၁ဝဝဝ စီစီ အောက် ရှိတဲ့ ကားတွေ ကို နယ်စပ်ကတဆင့် တင်သွင်းခွင့်ပြုမှာဖြစ်တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီး ဦးဝင်းမြင့်ကို ကိုးကားပြီး ယနေ့ ထုတ် မြန်မာ့ အလင်း သတင်းစာ မှာဖော်ပြပါတယ်။

အင်ဂျင်ပါဝါ စီစီ ၁ဝဝဝ အောက် ကားတွေက တောင်အဆင်း၊ အတက်အလွန်များတဲ့ ချင်းပြည်နယ် အတွက်တော့  အဆင်မပြေနိုင်ပါဘူး။ ဒါပေမယ့် မြို့ပေါ်နဲ့ မြေပြန့်ပိုင်းမှာတော့ အသုံးပြုနိုင်ပါလိမ့်မယ်။

တမူးမြိုကခံ ကုန်သည်တွေနဲ့ ချင်းပြည်နယ်ဒေသခံတွေက တင်ပြလို့ အခုလို နယ်စပ်က တဆင့် ကားတွေကို တင်သွင်း ခွင့်ပြုတာဖြစ်ပြီး ကုန်းလမ်းက အခက်အခဲရှိခဲ့ရင်တော့ ပင်လယ်ရေကြောင်းနဲ့ တင်သွင်းမှာဖြစ်တယ်လို့ အဲဒီ သတင်းက ဆိုပါတယ်။

အိန္ဒိယနယ်စပ် မြန်မာနိုင်ငံဘက်က မြို့တွေ၊ ရွာတွေမှာ တရုတ်နိုင်ငံလုပ် မော်တော်ဆိုင်ကယ်၊ သုံးဘီ ဆိုင်ကယ်တွေနဲ့ ကားတွေအစား အိန္ဒိယနိုင်ငံက ထုတ်လုပ်တာကို ပိုပြီး လူကြိုက်များတယ်လို့ ဆိုကြပါတယ်။

မြန်မာ-အိန္ဒိယနယ်စပ် ကုန်သွယ်ရေးဟာ မြန်မာနိုင်ငံအတွက် အရေကြီးတဲ့ ကုန်သွယ်မှု ဂိတ်တခု လည်းဖြစ်ပါတယ်။

အခုလို နယ်စပ်ကနေ ကားတွေကို တင်သွင်းခွင့် ပြုလိုက်တဲ့အတွက် လိုင်စင်မဲ့ ကားတင်သွင်းမှုကိုလည်း တားဆီးနိုင် မှာ ဖြစ်သလို နိုင်ငံအတွက်လည်း အခွန်ငွေတွေ ပိုရလာမှာပါ။

တဖက်ကလည်း ဈေးနှုန်း ချိုတဲ့ အိန္ဒိယနိုင်ငံလုပ် ကား တွေကို အများပြည်သူလည်း အလွယ်တကူ အသုံးပြုနိုင်မှာလည်းဖြစ်ပါတယ်။


အိမ့်သံစဉ် ~
Irrawaddy