Transmission Error ဖြစ်နေသောကြောင့် မိုဘိုင်းဖုန်းများ ခေါ်ဆိုရခက်ခဲခြင်းဖြစ်နေဟုဆို

ပို့စ်တင်ချိန် - 2/12/2014 08:24:00 PM


တင်ဇာအောင်| ဗုဒ္ဓဟူးနေ့၊ ဖေဖော်ဝါရီ ၁၂ရက်၊ ၂၀၁၄ခုနှစ်။

ရန်ကုန်၊ မဇ္ဈိမ။ ။ မိုဘိုင်းဖုန်းများ ခေါ်ဆိုရခက်ခဲခြင်းသည် ဖေဖော်ဝါရီ ၁၁ ရက် ညပိုင်းက စတင် ဖြစ်ပေါ်နေပြီး ယင်းသို့ ဖြစ်ခြင်းမှာ Fiber Transmission error ဖြစ်နေသောကြောင့် ပြန်လည်ပြင်ဆင်မှုများ ပြုလုပ်နေပြီး မကြာမီ ပြန်လည်ကောင်းမွန်မည် ဖြစ်သည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ မိုဘိုင်းဌာနမှ အင်ဂျင်နီယာမှုး တစ်ဦးက မဇ္ဈိမကို ဖေဖော်ဝါရီ ၁၂ ရက်တွင် ပြောသည်။

ယင်းသို့ ဖြစ်ပေါ်နေခြင်းမှာ ဖေဖော်ဝါရီ ၁၂ ရက် နေ့လည်ပိုင်းအချိန်ထိ ဆက်လက် ဖြစ်ပေါ်နေပြီး ရန်ကုန်အပါအဝင် တိုင်းအချို့တွင် ဖြစ်ပွားခြင်းဖြစ်သည်ဟု အဆိုပါ အင်ဂျင်နီယာမှုးက အတည်ပြု ပြောဆိုသည်။

၎င်းက “ Fiber Transmission error တက်နေပါတယ်။ မနေ့ညက စဖြစ်တာ။ ခုမနက်တော့ တော်တော်လေး ကောင်းသွားပြီ။ အဲဒါလေးတွေ ဖြစ်တတ်ပါတယ်။ ရန်ကုန်နဲ့ တချို့တိုင်းတွေ ဖြစ်နေတာပါ။ ဆိုင်ရာ ဆိုင်ရာတွေ ပြင်နေပါတယ်" ဟု
ဆိုသည်။

ယင်းသို့ ဖြစ်နေခြင်းကြောင့် ဖုန်းခေါ်ဆိုလိုက်ပါက ချက်ချင်းပြန်ကျကာ (Call ended) ဖြစ်ပြီး အကြိမ်များစွာ ခေါ်ဆိုနေရခြင်းဖြစ်သည်။

ဂျီအက်စ်အမ် မိုဘိုင်းဖုန်း သုံးစွဲသူ တစ်ဦးက “ မနေ့ည (ဖေဖော်ဝါရီ ၁၁)က စပြီး ခေါ်လိုက်ရင် call ended ဖြစ်ဖြစ်သွားတယ်။ မရတာများတယ်။ ဒီမနက်လည်း ဖြစ်သေးတယ် ။ မနေ့ညကတော့ ပိုဆိုးပါတယ်"ဟု သည်။

ယင်းသို့ ဖြစ်ပေါ်ခြင်းမှာ မိုဘိုင်းဖုန်းလိုင်း အသုံးပြုမှု များလာခြင်းကြောင့်လည်း ဖြစ်သည်ဟု မိုဘိုင်းအင်ဂျင်နီယာမှုးက ဆိုသည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း အနေဖြင့် မိုဘိုင်းဖုန်းများကို တစ်လလျှင် အလုံးရေ ၃၅၀၀၀၀ နှုန်းဖြင့် ချထားပေးခြင်းကြောင့် အသုံးပြုသူများလာပြီး လိုင်းတိုးချဲ့ခြင်းများကိုလည်း ဆောင်ရွက်နေသည်။

ယင်းအပြင် ရန်ကုန်တိုင်းအတွင်း မိုဘိုင်းစက်ပစ္စည်းများ လဲလှယ်တပ်ဆင်ခြင်း ၊ စက်ချိန်ညှိခြင်း၊ တိုင်းတာ စမ်းသပ်ခြင်း လုပ်ငန်းများကို ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလက စတင်ဆောင်ရွက်နေပြီး အဆိုပါ လုပ်ငန်းများမှာမူ လက်ရှိ
အချိန်တွင် ပြီးစီးသွားပြီဟု မိုဘိုင်းဌာနမှ အင်ဂျင်နီယာမှုးက ဆိုသည်။

Mizzima - News in Burmese