MCDC အကြံပေးအဖွဲ့သို့ စည်ပင်ပြဿနာများ တိုက်ရိုက်တိုင်ကြားရန် ဖိတ်ခေါ်

ပို့စ်တင်ချိန် - 2/12/2014 11:29:00 PM


မန္တလေး၊ ဖေဖော်ဝါရီ ၁၁

မန္တလေးမြို့တော် ဖွံ့ဖြိုးတိုးတက်ရေး အတွက် တပ်မတော်အစိုးရ လက်ထက်က ပြဋ္ဌာန်းထားခဲ့သည့် စည်ပင်သာယာရေး ဥပဒေများအရ ဖွဲ့စည်းထားသည့် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီကို အကြံပေးရန် ဖွဲ့စည်းထားသော မြို့တော် စည်ပင်အကြံပေး အဖွဲ့ထံ စည်ပင်ရေးရာ ပြဿနာများကို မြို့သူ/မြို့သားများက တိုက်ရိုက်တင်ပြ တိုင်ကြားနိုင်ရန် ဖိတ်ခေါ်ကြောင်း အဆိုပါအကြံပေး အဖွဲ့ ဥက္ကဋ္ဌ ဦးပိုမြင့်က The Voice သို့ ပြောကြားသည်။

အဆိုပါ စည်ပင်အကြံပေးအဖွဲ့ကို မန္တလေး ခြောက်မြို့နယ်ရှိ မြို့နယ် အထောက်အကူပြု ကော်မတီတွင်ပါဝင်သည့် လူသိများသော လူပုဂ္ဂိုလ် ၁၀ ဦးဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

မန္တလေးဒေသခံများ အနေနှင့် ကျူးကျော်ကိစ္စများ၊ လမ်းမြေချဲ့ထွင်မှု ကိစ္စရပ်များ၊ ရေမြောင်းဆိုင်ရာ ကိစ္စရပ်များ၊ စည်ပင်ဆိုင်ရာ ပိုင်ဆိုင်မှု အငြင်းပွားမှု ကိစ္စရပ်များ၊ အထပ်မြင့် အဆောက်အအုံ ဆောက်လုပ်မှုဆိုင်ရာ ကိစ္စရပ်များကို အကြံပေးအဖွဲ့ထံ လိပ်မူ၍ တိုင်ကြားလာလျှင် ပုဂ္ဂိုလ်ရေး တိုင်ကြားမှုများ ဖြစ်ပါက တရားရုံးတွင် ဆက်လက် ဆောင်ရွက်ရန် ညွှန်ပြမည် ဖြစ်ပြီး စည်ပင်သာယာနှင့် သက်ဆိုင်သည့် ကိစ္စရပ်များ ဖြစ်ပါက စည်ပင်ဥပဒေနှင့် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း အကြံပေးအဖွဲ့ ဥက္ကဋ္ဌ ဦးပိုမြင့်က ထပ်လောင်းပြောကြားသည်။

ယင်းကဲ့သို့ တိုင်ကြားမှုကိစ္စများ နှောင့်နှေးကြန့်ကြာမှု မရှိစေရန် အကြံပေး အဖွဲ့သည် တစ်လလျှင် သုံးကြိမ်ထက် မနည်း အစည်းအဝေး ထိုင်ပြီး ဒေသခံများ တင်ပြလာသည့် တိုင်ကြားချက်များ အနက် MCDC သို့ တင်ပြသင့်သည့် ဆောင်ရွက်ချက်များကို မြို့တော်ဝန်ထံသို့ ဆက်လက် ပေးပို့မည် ဖြစ်ကြောင်း၊ မြို့တော်ဝန်သည် အကြံပေးအဖွဲ့နှင့် တစ်လတစ်ကြိမ် အစည်းအဝေးပြုလုပ်ပြီး စည်ပင်ဥပဒေ ဘောင်အတွင်း ဆောင်ရွက်ပေးနိုင်သည့် ကိစ္စရပ်များကို အကြံပေးအဖွဲ့သို့ ပြန်လည် ရှင်းလင်းပေးသဖြင့် မန္တလေးဒေသခံများ အနေနှင့် စည်ပင်ပြဿနာ များနှင့် ဆက်စပ်၍ ဖုန်းသို့မဟုတ် လူကိုယ်တိုင် လာရောက်တိုင်ကြားခြင်းများ ဆောင်ရွက်နိုင် ကြောင်း ၄င်းက The Voice သို့ ထပ်မံ ပြောကြားသည်။
"တိုင်ကြားမှု ကတော့ ဥပဒေနဲ့ ညီရမှာပေါ့၊ ဥပဒေနဲ့ ညီရင် တိုင်ကြားမှုက သိပ်မကြာပါဘူး" ဟု ၄င်းက ဆိုသည်။

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီအနေနှင့် စည်ပင်ဆိုင်ရာ ပြဿနာရပ်များကို သီးခြားတိုင်ကြားစာများ လက်ခံသည့်ဌာန ဖွင့်လှစ်ထားရှိခြင်း မရှိဘဲ စည်ပင်ပြဿနာရပ်များ တိုင်ကြားလိုပါက မြို့တော်ဝန်ထံသို့ လိပ်မူ၍ တိုက်ရိုက် တိုင်ကြားနိုင်ပြီး မြို့တော်ဝန်ကို တိုင်ကြားရန် အခက်အခဲ ရှိပါက မြို့တော်စည်ပင် အကြံပေးအဖွဲ့သို့ စာပို့ တိုင်ကြားနိုင်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ တာဝန်ရှိသူများက ပြောကြားသည်။

"ပြည်သူ့လိုလားချက် အတိုင်းက ဝင်ချင်မှ ဝင်မှာပေါ့၊ စည်ပင်ဥပဒေနဲ့ ညီရင်တော့ တိုင်ကြားပါ။ အကြံပြုချက်တွေကို ချက်ချင်း ဆောင်ရွက်ပါတယ်" ဟု မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ ပြည်သူ့ဆက်ဆံရေးနှင့် ပြန်ကြားရေး ဦးစီးဌာနမှူး ဦးသန်းလွင်က ဆိုသည်။

မန္တလေးမြို့တော်စည်ပင် သာယာရေး ကော်မတီက ဖွဲ့စည်းထားသည့် အကြံပေး အဖွဲ့ကို စည်ပင်ပြဿနာရပ်များ တင်ပြ တိုင်ကြားနိုင်သည်ကို မသိရှိကြောင်း၊ မြို့တော်ဝန်နှင့် အကြံပေး အဖွဲ့များ အစည်းအဝေး လုပ်သည်ကို မန္တလေးနေ့စဉ် သတင်းစာတွင်သာ မကြာခဏ တွေ့ရှိရကြောင်း မဟာအောင်မြေမြို့နယ် မဟာမြိုင် ရပ်ကွက်ရှိ အထက်တန်းပြ အငြိမ်းစားဆရာမ ဒေါ်လှကြည်က The Voice သို့ ပြောကြား သည်။

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ အကြံပေးအဖွဲ့ကို ၂၀၁၃ခုနှစ် ဇန်နဝါရီလတွင် ဖွဲ့စည်းထားပြီး စည်ပင်သာယာရေး ကိစ္စများနှင့် ပတ်သက်၍ တိုင်ကြားလိုပါက ဦးပိုမြင့် ၀၉-၂၀၅၂၆၃၀၊ ဦးမြဝင်း ၀၉-၂၀၃၄၀၇၅၊ ဦးအောင်သိန်း ၀၉-၂၀၂၀၆၁၅ တို့သို့ တိုင်ကြားနိုင်ပြီး အကြံပေးအဖွဲ့ ရုံးခန်းသည် ၂၆လမ်း၊ ၇၂လမ်းx၇၃လမ်း ကြားရှိ မြို့တော် စည်ပင်သာယာရေး ကော်မတီတွင် ဖွင့်လှစ်ထားကြောင်း ယင်းအကြံပေးအဖွဲ့ ထံမှ သိရသည်။


The Voice Weekly