ရှမ်းပြည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင် ဘိန်းစိုက်မှု အများဆုံးဟုဆို

ပို့စ်တင်ချိန် - 2/12/2014 08:37:00 PM


 ရှမ်းပြည်နယ်ထဲမှာ မူးယစ်ဆေးဝါး ပြဿနာဟာ အဆိုးရွားဆုံးဖြစ်ပြီး ဘိန်းစိုက်ပျိုးမှုတွေဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ အများဆုံးပဲလို့ ရှမ်းလူငယ်တွေက ပြောပါတယ်။

ပအိုဝ်း၊ ပလောင်၊ ရှမ်း၊ ဓနု၊ လားဟူနဲ့ ကိုးကန့် အစရှိတဲ့ တိုင်းရင်းသားလူငယ်ပေါင်း ၁၀၀ ကျော်ဟာ ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့မှာ ကျင်းပတဲ့ နှီးနှောဖလှယ်ပွဲမှာ ပြောကြားလိုက်ပါတယ်။

နှီးနှောဖလှယ်ပွဲမှာ သဘာဝပတ်ဝန်းကျင်၊ မီဒီယာ၊ လူ့အခွင့်အရေးနဲ့ အမျိုးသမီးတို့ ပါဝင်မှု အခန်းကဏ္ဍ၊ ငြိမ်းချမ်းရေး၊ ယဉ်ကျေးမှု၊ ပညာရေး၊ မူးယစ်ဆေးဝါးနဲ့ ဒီမိုကရေစီတဲ့ အကြောင်း အရာတွေကို လူငယ်များရှုထောင့်ကနေ ၃ ရက်တာ ဆွေးနွေးဖလှယ်ခဲ့ပြီး အဲဒီထဲမှာ မူးယစ်ဆေးဝါးပြဿနာကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြပါတယ်။

ရှမ်းပြည်တောင်ပိုင်း တောင်ကြီးနဲ့ လွိုင်လင်ခရိုင် ၂ ခုထဲမှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုတွေကြောင့် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ အိမ်ထောင်ရေးနဲ့ အလုပ်လက်မဲ့စတဲ့ ပြဿနာတွေ ရှိနေပေမယ့် ဘိန်းစိုက်ပျိုးမှုနှုန်းက လျော့မသွားကြောင်း၊ အထူးသဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေမှာ ပိုစိုက်ပျိုးတာကို တွေ့ရတယ်လို့ ရှမ်းပြည်လူငယ်များ ဖိုရမ် ကျင်းပရေးကော်မတီဝင် စိုင်းခေးလျိုက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ ဖိတ်လိုက်တဲ့လူငယ်တွေက နေရာဒေသအသီးသီးက လာတဲ့ လူငယ်တွေ ဖြစ်သလို ဘိန်းထွက်တဲ့နေရာက လူငယ်တွေလည်း တော်တော်များများ ပါတယ်။ အထူးသဖြင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပလောင်ဒေသ၊ နောက်ပြီးတော့ မောက်မယ်၊ လင်းခေး၊ ပင်လုံ၊ ဖယ်ခုံ၊ ပင်လောင်း၊ တီကျစ်၊ ရောက်စောက် စတဲ့ဒေသကပေါ့။ သူတို့ကြုံတွေ့နေရတဲ့ နေရာတွေက များသောအားဖြင့်ဘိန်းတွေ ဖြန့်ဖြူးနေတယ်။ များနေတယ်။ မပပျောက်နိုင်ဘူး၊ စိုက်သမားက များတယ်။ ပပျောက်အောင်လုပ်တာက နည်းတယ် ဆိုတာတွေ ဘိန်းအစားထိုး သီးနှံကိစ္စ၊ လူငယ်တွေသုံးစွဲရတဲ့အကြောင်းရင်း စတဲ့အကြောင်းတွေ အများကြီး ပြောကြတယ်။”

ဘိန်းစိုက်ပျိုးမှုတွေ ပပျောက်ဖို့ လူငယ်တွေအနေနဲ့ လူငယ်အဖွဲ့ ဖွဲ့စည်းခြင်း၊ အားကစားပြိုင်ပွဲနဲ့ ပညာပေးလုပ်ငန်းတွေ လုပ်သွားမှာ ဖြစ်ပြီး သက်ဆိုင်ရာအစိုးရကို ဘိန်းအစားထိုးသီးနှံ ဖြစ်ထွန်းဖို့၊ နည်းပညာပံ့ပိုး ကူညီဖို့၊ ပြည်တွင်းနဲ့ ပြည်ပဈေးကွက်တွေ ဖန်တီးပေးဖို့၊ သီးနှံခွန် ကင်းလွတ်ခွင့်ပေးဖို့၊ အလုပ်အကိုင်တွေ ဖန်တီးပေးဖို့နဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို ထိရောက်အောင် ဆောင်ရွက်ပေးဖို့ တိုက်တွန်း တောင်းဆိုသွားမယ်လို့ စိုင်းခေးလျိုက ဆက်ပြောပါတယ်။

ဒီဆွေးနွေးချက်၊ တိုက်တွန်းတောင်းဆိုချက်တွေ ပိုမိုအားရှိစေဖို့ လာမယ့် မတ်လ ၁၆ ရက်ကနေ ၁၈ ရက်နေ့ထိ မော်လမြိုင်မှာ ကျင်းပမယ့် မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်ဖိုရမ်မှာ ဆက်ပြီးတော့ တင်ပြသွားမယ်လို့ ဆိုပါတယ်။

အဲဒီဖိုရမ်မှာ ရှမ်းပြည်နယ် တခုလုံးအနေနဲ့ လူငယ်ကိုယ်စားလှယ်ပေါင်း ၂၄ ဦး တက်ရောက်ဖို့ ဖိတ်ခေါ်ထားပြီး ရှမ်းပြည်မြောက်ပိုင်းက ၈ ဦး၊ အရှေ့ပိုင်းက ၅ ဦး၊ တောင်ပိုင်းက ၁၁ ဦး ပါဝင်မှာ ဖြစ်ပါတယ်။

တောင်ကြီးမြို့ ရှမ်းစာပေအသင်းတိုက်မှာ ဖေဖော်ဝါရီ ၉ ရက်ကနေ ၁၁ ရက်နေ့ထိ ပြုလုပ်သွားတဲ့ ဒီဖိုရမ်ကနေ တိုင်းရင်းသားလူမျိုးစုံကိုယ်စားလှယ် ပါဝင်မယ့် ကိုယ်စားလှယ် ၁၁ ဦးကိုလည်း ရွေးချယ်ခဲ့ပါတယ်။

တနိုင်ငံလုံးဆိုင်ရာ လူငယ်များညီလာခံ ပြီးဆုံးသွားရင်တော့ အဲဒီဖိုရမ်က ကိုယ်စားလှယ်တွေဟာ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) လူငယ်ဖိုရမ်ကို ဆက်လက် တက်ရောက်ကြမှာ ဖြစ်ပါတယ်။

By နန်းမြနဒီ (ဒီဗွီဘီ)