ဥရောပမဂ္ဂဇင်းက ရွေးချယ်သော ခရီးသွားရန် အကောင်းဆုံး မြန်မာနိုင်ငံ နံပါတ်တစ်နေရာရ

ပို့စ်တင်ချိန် - 2/12/2014 05:23:00 PM


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁

ဥရောပနိုင်ငံထုတ် ခရီးသွား မဂ္ဂဇင်း တစ်စောင်ဖြစ်သော Wanderlust Travel မဂ္ဂဇင်းက ကမ္ဘာ့နိုင်ငံအသီးထဲမှ ခရီးသွားလာရန် အကောင်းဆုံး နိုင်ငံဆု ရွေးချယ်ရာတွင် ၂၀၁၃ ခုနှစ် တစ်နှစ်လုံး စာရင်းအရ မြန်မာနိုင်ငံသည် ၉၆ ဒသမ ၉၈ ရာခိုင်နှုန်းဖြင့် နံပါတ်တစ်နေရာ ချိတ်ခဲ့ကြောင်း အဆိုပါမဂ္ဂဇင်း၏ Wanderlust Travel Awards 2013 စာရင်းအရ သိရသည်။

ရန်ကုန်မြို့တွင် ကိုလိုနီ အဆောက်အအုံများ ကျန်ရှိနေခြင်း၊ ကမ္ဘာကျော် ရွှေတိဂုံဘုရား၊ ယင်းနောက် မန္တလေးတောင်ပေါ်ရှိ များပြားလှသော ဘုရားစေတီများ၊ မြန်မာနိုင်ငံ အထက်ပိုင်းမြို့များသို့ စက်ဘီး ခရီးစဉ် နှင်နိုင်ခြင်း၊ ပုဂံရှိ များပြားလှသော စေတီပုထိုးများ၊ ဧရာဝတီမြစ်အလှနှင့် မေခ မလိခ စတင်ပေါင်းဆုံရာ နေရာအလှ၊ အင်းလေးကန်အတွင်း ဒေသခံများ၏ ငါးဖမ်းလှေများပေါ်မှ ထူးခြားသော ငါးဖမ်းခြင်းများသည် ခရီးသွားများတွက် ထူးခြားသော အမြင်သစ်များအဖြစ် ဆွဲဆောင်နိုင်သောကြောင့် အမှတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ခရီးသွားမဂ္ဂဇင်း အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

“မြန်မာနိုင်ငံက တကယ့်ကို ထူးခြားတဲ့ အမြင်သစ်တွေ ခံစားစေတယ်။ ကျွမ်းကျင်တဲ့ လက်မှုပညာရှင်တွေ၊ အံသြဖွယ်ကောင်းတဲ့ ဘုရားကျောင်းတွေ၊ အရမ်းကောင်းတဲ့ အမှတ်တရပစ္စည်း အရောင်းဆိုင်တွေရယ် အရသာရှိတဲ့ အစားအသောက်တွေရယ်က ကျွန်တော်ကို ဆွဲဆောင်နိုင်တဲ့အတွက် အဲဒီကတောင် မပြန်ချင်ဘူး” ဟု အဆိုပါ မဂ္ဂဇင်းကို ထူထောင်ခဲ့သူနှင့် အယ်ဒီတာချုပ်လည်း ဖြစ်သူ Lyn Hughes က ၂၀၁၁ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ အလည်အပတ် ရောက်ခဲ့စဉ်က ကြုံတွေ့ခဲ့ရမှုကို ထောက်ခံပြောဆိုသည်။

ယခုနှစ် အသိအမှတ်ပြုသော ခရီးသွားလာရန် ကောင်းဆုံးနိုင်ငံအပြင် ပုဂံမြို့သည်လည်း ကမ္ဘာ့နိုင်ငံ အသီးသီး၏ လည်ပတ်စရာ အကောင်းဆုံး ထိပ်ဆုံးမြို့များ စာရင်းတွင် ၉၄ ဒသမ ၅၅ ရာခိုင်နှုန်းဖြင့် နံပါတ် ၄ နေရာချိတ်ခဲ့သည်။

အဆိုပါ ခရီးသွားမဂ္ဂဇင်းက ရွေးချယ်လိုက်သော ခရီးသွားလာရန် အကောင်းဆုံး နိုင်ငံများနှင့် အမှတ်များမှာ Myanmar/Burma 96.98၊ Peru 96.58၊ New Zealand 96.25၊ Bhutan 95.63,Jordan 95.56၊ Namibia 95.17၊ Chile 94.29၊ Iceland 93.75 Vietnam 93.67 တို့ဖြစ်ပြီး Botswana 93.64 နှင့် Colombia 93.64 တို့သည် အမှတ်တူဖြင့် နံပါတ် ၁၀ နေရာချိတ်ခဲ့သည်။

မြန်မာနိုင်ငံသည် ယခင်နှစ်က အဆိုပါ မဂ္ဂဇင်းက ရွေးချယ်သော အံ့သြဖွယ် ခရီးသွားနေရာ စာရင်းတွင် အဆင့်လေးနေရာ ရရှိခဲ့ဖူးသည်။

နိုင်ငံခြားသားခရီးသည် ၂,၀၄၄,၃၀၇ ဦးသည် မြန်မာနိုင်ငံသို့ ၂၀၁၃ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအတွင်း ဝင်ရောက်ခဲ့သည်။

The Voice Weekly