နေအိမ် အဖျက်ခံရမှုကြောင့် ယာယီတဲထိုးနေကြသူများ ထပ်မံအဖျက်ခံရ

ပို့စ်တင်ချိန် - 2/12/2014 05:31:00 PM


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁

လှည်းကူးမြို့နယ်၊ ဂွေးတောက်အိုင် ကျေးရွာအုပ်စု၊ ဒေါ်ကာလီ ကျေးရွာရှိ နေအိမ်များကို တပ်ပိုင်နယ်မြေအတွင်း ကျူးကျော် နေထိုင်သည်ဟုဆိုကာ ဖယ်ရှားခံရသောကြောင့် ရန်ကုန် -နေပြည်တော် အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၄ လမ်းဘေးတွင် အဆိုပါ ရွာသူရွာသားများက ယာယီတဲ ၂၃ လုံးနှင့် လူဦးရေ ၉၀ ကျော် နေထိုင်စဉ် ဖေဖော်ဝါရီလ ၁၁ ရက် နံနက်ပိုင်းက သက်ဆိုင်ရာအဖွဲ့က ထပ်မံဖယ်ရှားခဲ့ကြောင်း အဆိုပါ ကျေးရွာသူ ကျေးရွာသားများထံမှ သိရှိရသည်။

အင်းတိုင် တပ်နယ်ရှိ တပ်မ (၁၁) ဗဟိုဌာနချုပ် တပ်ပိုင်မြေတွင်း ကျူးကျော် နေထိုင်သည်ဟုဆိုကာ အဆိုပါ ဒေါ်ကာလီကျေးရွာရှိ အိမ်ခြေ ၂၉ လုံးကို ဖေဖော်ဝါရီလ ၄ ရက်နေ့က အမှတ် (၅) ဆက်သွယ်ရေးတပ်က ဝင်ရောက် ဖယ်ရှားခဲ့သောကြောင့် ယင်းကျေးရွာ အနီးရှိ အမြန်လမ်း မိုင်တိုင်အမှတ် ၂၄ လမ်းဘေးတွင် ယာယီတဲထိုးကာ နေထိုင်ခြင်း ဖြစ်ကြောင်း ဒေါ်ကာလီ ကျေးရွာသား ဦးသောင်းရွှေက ပြောကြားသည်။
“တပ်ပိုင်မြေဆိုပြီး ဒီလ ၄ ရက်နေ့က အရပ်ဝတ်နဲ့ လူဦးရေ ၃၀ လောက်က ပါလာတဲ့ ဓားတွေနဲ့ အိမ်တွေကို ခုတ်ဖျက်သွားတာ နေစရာမရှိလို့ လမ်းဘေးမှာနေတာ ဒါကို ထပ်ဖယ်ခိုင်းတာ” ဟု ၎င်းက ပြောဆိုသည်။

သက်ဆိုင်ရာ အာဏာပိုင်များက အင်အားသုံးကာ သမီးကလေးကျေးရွာ ဝင်ရောက် ဖျက်သိမ်းခဲ့သော ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက်ပိုင်းတွင် ဒေါ်ကာလီ ကျေးရွာကို အမှတ် (၅) ဆက်သွယ်ရေးတပ်မှ တာဝန်ရှိသူများက ဝင်ရောက် ဖယ်ရှားခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
“လမ်းဘေးမှာနေပြီး စားစရာမရှိ ငတ်ပြတ်နေတဲ့ ရွာသူရွာသားတွေကို ထပ်မောင်းထုတ်တယ်။ ကလေးငယ်တွေဆို အခုဝမ်းရောဂါတွေ ဖြစ်ကုန်ပြီ။ အနီးအနားမှာရှိတဲ့ ရွာတွေက လာလှူတဲ့ ဆန်ကို မလောက်မင စားနေရတာ” ဟု ပြောင်းရွှေ့ခံရသော ကျေးရွာမှ အသက် ၅၀ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောဆိုသည်။

အိမ်ခြေ ၂၉ အိမ်နှင့် လူဦးရေ ၉၀ ကျော်ရှိကာ အမြန်လမ်း မိုင်တိုင်အမှတ် ၂၄ တွင် ယာယီတဲများ ထိုးနေထိုင်သူများကို ဖေဖော်ဝါရီလ ၉ ရက်နေ့က တပ်မ ၁၁ မှ အရာရှိများက တစ်ပတ်အတွင်း အမြန်လမ်းပေါ်က ဖယ်ရှားပေးရန် အကြောင်းကြားခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နံနက် ၇ နာရီခန့်တွင် အမြန်လမ်းမှ တာဝန်ရှိသူများနှင့် စည်ပင်အဖွဲ့က ဖယ်ရှားပေးရန် အကြောင်းကြားစာများကို ယာယီတဲများတွင် ကပ်ကာ ချက်ချင်း ဖယ်ရှားခိုင်းခဲ့ကြောင်း ဒေါ်ကာလီ ကျေးရွာသူရွာသားများထံမှ သိရှိရသည်။
“ဒီမှာနေလို့ မရဘူး။ ကိုယ့်ရွာ ကိုယ်ပြန်လို့ပြောတယ်။ ကျွန်တော်က ဧရာဝတီတိုင်း၊ ကျုံပျော် ရှားခဲကြီးကနေ ဒီရွာကို ပြောင်းလာတာ ၁၇ နှစ်ရှိပြီ။ အခု အတင်းပြန်ခိုင်းနေတာ လမ်းစရိတ်မပြောနဲ့ ထမင်းစားဖို့တောင် မရှိလို့ သူများလာလှူမှ စားနေရတာ” ဟု ယာယီတဲ ဖျက်သိမ်းခံရသော ဦးသောင်းရွှေက ရှင်းပြသည်။

ယာယီတဲများ ဖျက်သိမ်းခံရသော ဒေါ်ကာလီ ကျေးရွာနေသူ ၉၀ ကျော်မှာ အမြန်လမ်း မိုင်တိုင် အမှတ် ၂၃၊ လှည်းကူးမြို့နယ် တောင်သူလယ်သမား ဖွံ့ဖြိုး တိုးတက်ရေးပါတီ ရုံးခန်းအနီးရှိ ဦးတင်လှိုင်ပိုင်သော ခြံအတွင်း ယာယီပြောင်းရွှေ့ နေထိုင်နေကြောင်း လှည်းကူးမြို့မ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။
“ရွာဖျက်ခံရပြီး နေစရာမရှိ မောင်းထုတ် ခံနေရလို့ ခြံထဲမှာ ခေတ္တနားခိုခွင့် ပေးထားတာပါ။ လူ ၉၀ ကျော် နေစရာမရှိဘဲ ဒုက္ခရောက်နေတာကို ပါတီရုံးချုပ်ကို တင်ပြပြီး သက်ဆိုင်ရာ အဖွဲ့အစည်းတွေထံ အသနားခံစာ တင်ပြပေးဖို့ ဆောင်ရွက်နေတယ်” ဟု လှည်းကူးမြို့နယ် တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးတင်လှိုင်က ပြောကြားသည်။

အဆိုပါ ယာယီတဲများ ဖျက်သိမ်းခံရမှုနှင့် ပတ်သက်၍ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးသို့ ဆက်သွယ်မေးမြန်း ခဲ့သော်လည်း အုပ်ချုပ်ရေးမှူး အစည်းအဝေး တက်ရောက်နေသဖြင့် ဖြေကြားပေးခွင့် မရှိကြောင်း အဆိုပါရုံးမှ တာဝန်ကျ ဝန်ထမ်းက ဖြေကြားသည်။

The Voice Weekly