ငါးဖယ်ဆီပြန်၊ ကြက်သား မရမ်းသီးခြောက် ချဉ်စပ်ဟင်း၊ ပဲနီလေးဟင်းချို၊ ကညွှတ်ကြော်၊ ပဲပုပ်ထောင်းနှင့် တို့စရာ (ပြုလုပ်နည်း)

ပို့စ်တင်ချိန် - 2/28/2014 10:42:00 AM


ငါးဖယ်ဆီပြန်
ငါးဖယ်ကို ဆား၊ကြက်သားမှုန့်၊နနွင်းမှုန့် အနည်းငယ်တို့ဖြင့်ရောနယ်ပြီး ညက်အောင်ထောင်းထားသောဂျင်း၊ကြက်သွန်ဖြူ တို့နှင့်အတူ ငါးဖယ်ကို အနည်းငယ်မာသည် အထိထောင်းကာ သင့်ရုံအပြားလေးများပြုလုပ်ပြီး ကြော်ထားပါ။ ထိုနောက်ညက်အောင်ထောင်းထားသော ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊စပါးလင်၊ဂျင်းနှင့် ငရုတ်သီးခြောက် တို့ကို အိုးထဲသို့ ဆီသင့်ရုံထည့်ကာ နနွင်းမှုန့် အနည်းငယ်ဖြင့် ဆီသတ်ပါ။ ကြက်သွန်ကြော်နံ့ မွှေးလာပါက ပါးပါးလှီးထားသော ခရမ်းချဉ်သီး ထည့် ပြီးမွှေပေးပါ။ပြီးလျှင်ငါးပိစိမ်းစားအနည်းငယ်ကို အရည်ဖျော်ပြီး ထည့်ပါ။ ငါးပိနံ့ ပြောက်ပြီး ခရမ်းချဉ်သီး ကြေလာလျှင် ကြော်ထားသော ငါးဖယ်များကိုထည့်ပြီးမွှေပေးပါ။ ရေအနည်းငယ်ထည့်ကာ ဆီပြန်လာသည် အထိတည်ထားပါ။ဆီပြန်လာပါက အပေါ့၊အငံ မြည်းကာ နံနံပင် နှင့်ငရုတ်သီးစိမ်းအုပ်ကာ ငါးဖယ်ဆီပြန်ဟင်းလေး သုံးဆောင်လို့ ရပါပြီရှင်။

ကြက်သားမရမ်းသီးခြောက် ချဉ်စပ်ဟင်း
ကြက်သားကို ရေဆေးပြီး အနေတော် အတုံးလေးတွေတုံးပါ။ပြီးလျှင် ဆား၊အသားမှုန့်၊နနွင်းမှုန့် တို့ဖြင့် ရောနယ်ကာ နာရီဝက်ခန့်နှပ်ထားပါ။ ထိုနောက်ညက်အောင်ထောင်းထားသော ကြက်သွန်ဖြူ၊ ကြက်သွန် နီ၊ဂျင်းနှင့် ငရုတ်သီးစိမ်း တို့ကို အိုးထဲသို့ ဆီသင့်ရုံထည့်ကာ နနွင်းအနည်းငယ်ဖြင့် ဆီသတ်ပါ။

ကြက်သွန်ကြော်နံ့ မွှေးပြီးရွှေရောင်သန်းလာပါက ငရုတ်သီးအရောင်တင်မှုန့် အနည်းငယ်ထည့်ပြီး မွှေကာ၊ ငါးပိစိမ်းစားအနည်းငယ်ကို အရည်ဖျော်၍ ထည့်ပါ။ ငါးပိနံ့ ပြောက်ပြီးမှ လုံးထားသော ကြက်သားများကို ထည့်ပြီးမွှေကာ အဖုံးအုပ်ထားပါ။

ဟင်းအိုးပွက်ပွက်ဆူလာလျှင် ရေမြုပ်အောင်ထည့်၍ စိမ်ထားသော မရမ်သီးခြောက်အနည်းငယ်ကို ထည့် ပြီးတည်ထားပါ။ မကြာခဏ အဖုံးဖွင့်၍ မွှေမွှေပေးပါ။ရေများ ပွက်ပွက်ဆူလာလျှင် အသားနူးမနူးမြည်းကြည့်ပြီး မနူးသေးပါက ရေအနည်းငယ် ထည့် ပြီးထပ်တည်ထားပါ။အသားများနူးပြီး ဆီပြန်လာလျှင် အပေါ့အငံမြည်းကြည့်ပြီး ကြက်သားမရမ်းသီးခြောက် ချဉ်စပ်ဟင်းလေး သုံးဆောင်လို့ ရပါပြီရှင်။

ကညွတ်ကြော်
ကညွတ် အရင်းပိုင်းအရင့်နေရာများကို လှီးထုတ်ပြစ်ပြီး အဖူးနေရာမှလွဲ၍ ကျန်နေရာများအား ဓားပြားအသာရိုက်ကာ ကြိုက်နှစ်သက်သလို အရွယ်လေးတွေ ပိုင်းလျှက် ရေစင်အောင်ဆေးကာ ရေစစ်ထားပါ။ ကြက်သွန်ဖြူနှင့် ပုစွန်ခြောက်များကို မညက်တညတ် ရောပြီးထောင်းထားပါ။ ဒယ်အိုးထဲတွင် ဆီအနည်းငယ်ထည့်၍ ဆီပူလာလျှင် မညက်တညက်ထောင်းထားသော ကြက်သွန်ဖြူနှင့် ပုစွန်ခြောက်များကို ထည့်ပြီးဆီသတ်ပါ။ ကြက်သွန်ဖြူများအနည်းငယ်နွမ်းလာလျှင် ကညွတ်များနှင့်ဆား အနည်းငယ်ကိုထည့်ပြီး မွှေပေးပါ။ ကညွတ်များ အစိမ်းရောင်မပျက် အနူးမလွန်ခင် ခရုဆီအသင့်အတင့်ထည့်ပြီး အပေါ့အငံမြည်းကာ အရသာကောင်းမွန်သော ကညွတ်ကြော်မွှေးမွှေးလေး သုံးဆောင်လို့ ရပါပြီရှင်။

ပဲပုပ်ထောင်း
ပဲပုပ်ထောင်းရန်အတွက် ပဲပုပ်ခြောက်၊ ကြက်သွန်ဖြူ ၊ ငရုတ်သီးစိမ်း တို့ကို ၅ မိနစ်လောက် မီးကင်ပေးပါ။ မတူးအောင်မီးကင်ပြီး အားလုံးကို ဆားအနည်းငယ်ထည့်ကာ ညတ်နေအောင် ထောင်းပေးပါ။ အားလုံးညတ်ပြီးနှံ့သွားပြီဆိုလျှင် မွှေးပြီး အရသာကောင်းမွန်သော ပဲပုပ်ထောင်းလေး သုံးဆောင်လို့ ရပါပြီရှင်။ အချဉ်ကြိုက်လျှင် သံပုရည်ညှစ်ကာ သုံးဆောင်လို့ ရပါတယ်ရှင်။

ဒေါ်ပု လက်ရာ