သားရဲ့ ပါးစပ်ကို သော့ခလောက်နဲ့ ပိတ်ပြီး သေတဲ့အထိ ရိုက်သတ်ခဲ့တဲ့ နိုင်ဂျီးရီးယားလူမျိုး ဖခင်

ပို့စ်တင်ချိန် - 2/28/2014 10:18:00 AM


နိုင်ဂျီးရီးယားလူမျိုး ဖခင်တစ်ယောက်ဟာ သူ့ ရဲ့ သားအရင်းဖြစ်သူကို သေတဲ့အထိ ရိုက်သတ်ခဲ့ပါတယ်။ ရိုက်မသတ်ခင်မှာလည်း ကလေးရဲ့ ကြောက်လန့် တကြားအော်သံမထွက်အောင်လို့ ပါးစပ်ကို သော့ခလောက် နဲ့ ထိုးဖောက်ပိတ်ပစ်ခဲ့ပါသေးတယ်။
အသက် ၃၀ အရွယ် ခရစ်စ် အဲဗစ် ဆိုသူဟာ သူ့ ရဲ့သားကို ကံမကောင်းခြင်းတွေ ယူဆောင်လာတဲ့ “မကောင်းဆိုးဝါးကလေး” လို့ ယုံကြည်ပြီး အခုလို သတ်ခဲ့တာလို့  နိုင်ဂျီးရီးယားမြို့ တော် လာဂို မြို့ ရဲ တပ်ဖွဲ့ က ပြောကြားခဲ့ပါတယ်။
ခရစ်အဲဗစ် ဟာ သူ့ သားကို ရိုက်နှက်ကန်ကျောက်ခဲ့ယုံမက တစ်ကိုယ်လုံးကို မီးပူနဲ့ ထိုးပစ်ခဲ့ပါသေးတယ်။ နောက် ပလတ်စတစ်စည်ပိုင်းထဲ ကလေးကို ထည့်ပိတ်ထားခဲ့ကြောင်း တရားရုံးအမှုတွဲ စာရွက်စာတမ်းတွေ အရ သိရပါတယ်။
ကလေးရဲ့ မိခင်ဖြစ်သူ အဲဗစ်ရဲ့ မိန်းမ  အိမ်ပြန်ရောက်လာတဲ့အခါမှာ အခုလို ရင်နင့်ကြေကွဲစရာ အဖြစ်ဆိုး ကိုတွေ့ ပြီး ရဲတွေကို အကြောင်းကြားခဲ့တော့မှ လုံခြုံရေးဝန်ထမ်းတစ်ဦးဖြစ်သူ အဲဗစ် ကို ဖမ်းဆီးရမိခဲ့တာပါ။
နိုင်ဂျီးရီးယားမှာ ရှိတဲ့ ဘာသာရေးခေါင်းဆောင်တွေဟာ ပြည်တွင်းမှာဖြစ်ရပ်ဆိုးတွေ ဖြစ်လာလို့ ရှိရင် ကလေးတွေကို အပြစ်ပုံချလေ့ရှိပြီး ဒီကလေးတွေဟာ နတ်ဆိုးဝင်ပူးကပ်နေသူတွေဖြစ်ကြောင်း မကြာခဏ စွပ်စွဲတတ်လေ့ရှိပါတယ်။
လွန်ခဲ့တဲ့ရက်က အစ္စလာမ်အကြမ်းဖက်တွေက နိုင်ဂျီးရီးယားက ကျောင်းတစ်ကျောင်းမှာ ကျောင်းသားလေး ၂၉ ယောက်ကို ပစ်ခတ်၊ ထိုး သတ်ပြီး နောက်ပိုင်း ဒီအဖြစ်အပျက် ထပ်ဖြစ်လာတာပါ။ အစ္စလာမ်မစ်ဂျီဟိုက် အကြမ်းဖက်အဖွဲ့ အစည်းဖြစ်တဲ့ ဘိုကိုဟာရမ် အဖွဲ့ အစည်းက ကျောင်းသားတွေကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တာဖြစ်ပြီး လေးနှစ်တာကာလအတွင်းမှာ ဒီအဖွဲ့ အစည်းဟာ လူ ထောင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့ပါတယ်။ နိုင်ဂျီးရီးယားဟာ အာဖရိကရဲ့ ထိပ်တန်းရေနံထုတ်လုပ်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး လုံခြုံရေး စိတ်မချရဆုံးနိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ်။
Ref: mirror
Trend Myanmar