အမြန်လမ်းမကြီးပေါ်၌ အရှိန်ထိန်းတိုင်း စက်ကိရိယာများ တိုးချဲ့ တပ်ဆင်မည်

ပို့စ်တင်ချိန် - 2/28/2014 10:41:00 AM


နေပြည်တော် ၊ ၂၈-၂-၂၀၁၄


၂၀၀၉ ခုနှစ် မတ်လ ၂၅ ရက်တွင် ဖွင့်လှစ်ခဲ့သော မိုင် ၃၀၀ ကျော် ရှည်လျားသည့် ရန်ကုန် - မန္တလေး အမြန် လမ်းမကြီးသည် မော်တော်ယာဉ် အသုံးပြုမှု များပြားလာခြင်း နှင့် ယာဉ်များ အရှိန်ပြင်းစွာ မောင်းနှင် ကြခြင်းကြောင့် စတင် ဖွင့်လှစ်သည်မှ စ၍ ၂၀၁၃ ခုနှစ် မတ်လ ၅ ရက်အထိ ယာဉ် တိမ်းမှောက်မှု ၃၉၈ ကြိမ် ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၂၁၈ ဦး ၊ ထိခိုက် ဒဏ်ရာရသူ ၆၇၅ ဦး ရှိခဲ့သည်။

ယာဉ်တိမ်းမှောက်မှု ဖြစ်စဉ်များတွင် ၉၇ ရာခိုင်နှုန်းမှာ လူနှင့် ယာဉ်ကြောင့် လည်းကောင်း ၊ ၃ ရာခိုင်နှုန်း မှာ လမ်းကြောင့် လည်းကောင်း အမြန် လမ်းမကြီး ပေါ်၌ ၂၀၁၃ ခုနှစ် အတွင်း တစ်နှစ်လုံးတွင် ယာဉ် မတော်တဆမှု ၂၅၉ ကြိမ် ဖြစ်ပွားခဲ့ရာ လူကြောင့် ၁၁၄ မှု ၊ ယာဉ်ကြောင့် ၁၇၈ မှု ၊ လမ်းကြောင့် ၃ မှု ရှိခဲ့ပြီး သေဆုံးသူ ၁၁၃ ဦး ၊ ထိခိုက် ဒဏ်ရာရသူ ၆၂၈ ဦး ရှိခဲ့သည်။

၂၀၁၄ ခုနှစ် ဇန်န၀ါရီ နှင့် ဖေဖော်ဝါရီ ၂၅ ရက်အထိ ယာဉ် မတော်တဆမှု ၅၈ မှု ရှိခဲ့ရာ ယာဉ် မတော်မဆမှု ဖြစ်စဉ် များပြား လာသည့်အတွက် အမြန်လမ်း ရဲတပ်ဖွဲ့ နှင့် ဆောက်လုပ်ရေး ၀န်ကြီးဌာန လမ်းပြုပြင် ထိန်းသိမ်းရေး အင်ဂျင်နီယာ အဖွဲ့တို့မှ ယာဉ် မတော်တဆမှု များ လျော့န်ညး စေရေးအတွက် Myanmar Mobile Traffic Radar System အရှိန်ထိန်းတိုင်း စက်ကိရိယာ ၁၂ လုံးဖြင့် နေပြည်တော် ၊ ရန်ကုန်တိုင်း ဒေသကြီး နှင့် မန္တလေးတိုင်း ဒေသကြီး အတွင်း တိုင်းတာ စစ်ဆေးပြီး သတ်မှတ် အရှိန်နှုန်းထက် ပိုမို မောင်းနှင်သည့် မော်တော်ယာဉ် များကို အရေးယူ ဆောင်ရွက် သွားမည် ဖြစ်သည်။

အမြန် လမ်းမကြီး ပေါ်တွင် မော်တော်ယာဉ် များကို ကီလိုမီတာ ၁၀၀ အထိသာ မောင်းနှင်ရန် သတ်မှတ် ထားပြီး လိုက်ထရပ် ယာဉ်များကို ကီလိုမီတာ ၈၀ အထိသာ ခွင့်ပြု ထားသည်။ သတ်မှတ် ကီလိုမီတာ အထက် ကျော်လွန် မောင်းနှင်ခြင်း စစ်ဆေး တွေ့ရှိပါက အရှိန်ပြင်း မောင်းနှင်ခြင်း အတွက် ငွေကျပ် ၁၅၀၀ ၊ စီမံချက် ဒဏ်ငွေ ငွေကျပ် ၃၀၀၀၀ စုစုပေါင်း ငွေကျပ် ၃၁၅၀၀ ကို သက်ဆိုင်ရာ အမြန်လမ်း ရဲတရားရုံး ၌ ဒဏ်ငွေ အဖြစ် ပေးဆောင် ရမည် ဖြစ်သည်။

အဆိုပါ လမ်းမကြီး ပေါ်တွင် လူကြောင့် ဖြစ်သည့် ဖြစ်စဉ်များ ထိန်းချုပ် နိုင်ရန် အတွက် ဆောက်လုပ်ရေး ၀န်ကြီးဌာန မှ Your Speed စက်ကိရိယာများ တပ်ဆင် ထားပြီး ကီလိုမီတာ ၁၀၀ အောက် မောင်းနှင်ပါက မီးအစိမ့်ပြ ၍ ကီလိုမီတာ ၁၀၀ အထက် ကျော်လွန် မောင်းနှင်ပါက မီးအနီဖြင့် အချက်ပြမည် ဖြစ်သည်။

ဆက်လက်၍ ဆောက်လုပ်ရေး ၀န်ကြီးဌာန မှ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ နှင့် မတ်လ အတွင်း Your Speed အလုံး ၂၀ ကို ထပ်မံ တပ်ဆင်ရန် စီစဉ်လျက် ရှိသည်။

ထို့ကြောင့် စည်းကမ်း ဖောက်ဖျက်ယာဉ် များအား ထိရောက်စွာ အရေးယူ သွားမည် ဖြစ်ပြီး ယာဉ်ကြောင့် ဖြစ်စဉ်များ လျော့နည်း စေရေးအတွက် အမြန်လမ်း ရဲတပ်ဖွဲ့ နှင့် ဆောက်လုပ်ရေး ၀န်ကြီးဌာန ၊ ယန္တရား အင်ဂျင်နီယာ အဖွဲ့တို့ ပူးပေါင်း၍ ရန်ကုန် ၊ နေပြည်တော် ၊ မန္တလေး တို့တွင် ယာဉ်များ ဥပဓိ ကြံ့ခိုင်မှု နှင့် အင်ဂျင်ပိုင်းများ စစ်ဆေး ပြီးမှသာ အမြန် လမ်းမကြီး ပေါ်၌ မောင်းနှင်ခွင့် ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။ (၁၁၀)

The MYAWADY Daily