အရိုက်ခံရသည့် ယာဉ်ထိန်းရဲကိစ္စကို အမှတ်(၂)ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူး ပြောခြင်း

ပို့စ်တင်ချိန် - 2/28/2014 10:19:00 AM



““ရဲတပ်ဖွဲ့ဝင်ဆိုပြီး ကိုယ့်ဘက်က လိုက်လို့လည်းမရဘူး။ မှန်နေရင်တော့ ပြဿနာမရှိဘူး။
မှားနေရင် ပြည်သူက ထပ်ပြီးတော့ အမြင်စောင်းမှာ””

ရန်ကုန်၊ ဖော်ဖော်ဝါရီ ၂၆

ဗီဒီယို သရုပ်ဆောင် နေသူရိန် (အမည်ရင်း စနေထွန်း) နှင့် ယာဉ်ထိန်းရဲ တပ်ကြပ်ကြီး သောင်းဒန်တို့အကြား ဖြစ်ပွားခဲ့သည့် ခိုက်ရန်ဖြစ်ပွားမှု၌ ““ပြဿနာဖြစ်သည့်အခါ အထက်မှ ရပ်တည်ပေးမှုမရှိ”” ဟူ၍ တပ်ကြပ်ကြီး သောင်းဒန်၏ ပြောဆိုမှုမှာ မမှန်ကန်ကြောင်းနှင့် နှစ်ဖက်စလုံးမှ အပြန်အလှန် အမှု ဖွင့်ထားရာ၌ မိမိတို့ဘက်မှ တရားစွဲပေးခဲ့ခြင်း ဖြစ်ကြောင်း အမှတ်(၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးရုံး၊ တပ်ဖွဲ့ခွဲမှူး ဒုရဲမှူးကြီး လင်းထွဋ်က မြန်မာသံတော်ဆင့်သို့ ပြောသည်။

ရဲတပ်ကြပ်ကြီး သောင်းဒန်မှာ ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်က ရန်ကုန်မြို့၊ မင်္ဂလာ တောင်ညွန့်မြို့နယ်၊ ကန်တော်ကြီး ပတ်လမ်းရှိ မီးပွိုင့်တွင် တာဝန် ထမ်းဆောင်နေစဉ်နှင့် အဆိုပါနေရာ၌ပင် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ညနေ ၆ နာရီခွဲအချိန် တာဝန်ထမ်းဆောင်နေချိန်၌ ဗီဒီယိုသရုပ်ဆောင် နေသူရိန်နှင့် အချင်းများရာမှ အုပ်စုဖွဲ့ ရိုက်နှက်မှု ဖြစ်ပွားခဲ့မှုအား မြန်မာသံတော်ဆင့်ဂျာနယ် အတွဲ(၂)၊ အမှတ် (၅၀)၌ ““ပြဿနာ ဖြစ်လာသည့်အခါ အထက်မှ ရပ်တည်ပေးမှုမရှိ၊ အနိုင်ကျင့် ရိုက်နှက်ခံရသော ယာဉ်ထိန်းရဲ တပ်ကြပ်ကြီး””ဟု ဖော်ပြပြီးနောက် အဖြစ်မှန် ဖြေရှင်းလိုပါ၍ ဒုရဲမှူးကြီးလင်းထွဋ်၏ ဖိတ်ကြားချက်အရ ၎င်း၏ ရုံးခန်းသို့ သွားရောက်စဉ် ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါဖြစ်ရပ်နှင့် ပတ်သက်၍ ဒုရဲမှူးကြီး လင်းထွဋ်အား မြန်မာသံတော်ဆင့်မှ ယခုကဲ့သို့ မေးမြန်းခဲ့ပါသည်။

အဲဒီတုန်းက ဖြေထားတဲ့ဟာတွေနဲ့ တကယ်တမ်းကျတော့ ဖြစ်ပျက်နေတာတွေနဲ့ လွဲနေလို့ မေးကြည့်တာပါ။

တကယ်တမ်း အမှုဖွင့်တဲ့ ကိစ္စကလည်းပဲ ကျွန်တော်တို့ သိသိချင်းပေါ့နော် တာဝန်ရှိသူတွေနဲ့ သိသိချင်းမှာ ရဲတပ်ဖွဲ့ဝင် တစ်ယောက်ကို စော်ကားမှု ရှိတဲ့အတွက်ကို ကျွန်တော်တို့ကပဲ အမှုဖွင့်လိုက်တာ။ သူဖွင့်တာ မဟုတ်ဘူး။ ကျွန်တော်တို့ကကို ဖွင့်တာ။ အဲဒါကို သူဖွင့်တယ် ပြောတော့ ကျွန်တော်က စိတ်မကောင်း ဖြစ်တာပါ။

ဒါကတော့ ကျွန်တော်တို့ ပြန်မရှင်းတော့ပါဘူး။ ဒါကလည်း ပြန်ငြိမ်သွားပြီ ဖြစ်တဲ့အတွက် ပြန်ပြီး အုတ်အော်သောင်းတင်းဖြစ်မှာ စိုးလို့။ ဆိုပါတော့ ကျွန်တော်တို့မှာ မီဒီယာကို ဖွဲ့ထားတာရှိတယ်။ မီဒီယာမှာဆို ရဲအုပ်ဇော်မျိုးထွန်းတို့၊ ရဲအုပ်ဝင်းလွင်တို့၊ ရဲအုပ် မိုးသီဟကျော်တို့ ရှိတယ်။ အဲမှာ ကျွန်တော်က အဖွဲ့ ခေါင်းဆောင်။ မီဒီယာကို မေးရင်တော့ အခြေအနေအမှန်တော့ သိရမယ်။

ပြီးခဲ့တဲ့ တပ်ကြပ်ကြီးသောင်းဒန် ဖြစ်ပျက်သွားတဲ့ ကိစ္စကို ဆရာတို့ ဘယ်လိုစီစဉ်ထားလဲ။

ကျွန်တော်တို့ စီစဉ်ထားတယ် ဆိုတာထက်ကို ဖြစ်စဉ်ပေါ်မှာ နှစ်ဖက်အပြန်အလှန် တိုင်ထားတယ်။ သောင်းဒန် ကလည်းပဲ သူမှန်တယ် ဆိုပြီးတော့ အမှုသွားဖွင့်ထားတယ်။ ဟိုဘက်ကလည်းပဲ သူမှန်တယ်ဆိုပြီး တပ်ကြပ်ကြီး သောင်းဒန်က သူတို့ကို စော်ကားပါတယ်ဆိုပြီး ပြန်ပြီးတော့ အမှုဖွင့်ထားတယ်။ အဲတော့ဘာပဲ ပြောပြော ကျွန်တော်တို့ ရဲတပ်ဖွဲ့ အနေနဲ့တော့ ကိုယ့်ရဲတပ်ဖွဲ့ဝင်ဆိုပြီး ကိုယ့်ဘက်က လိုက်လို့လည်း မရဘူး။ မှန်နေရင်တော့ ပြဿနာမရှိဘူး။ မှားနေရင် ပြည်သူက ထပ်ပြီးတော့ ကျွန်တော်တို့ကို အမြင်စောင်းမှာ။ ရဲဥပဒေနဲ့အညီပေါ့။ ဥပဒေဆိုတာလည်း တည်ဆဲဥပဒေပေါ့။ လူသက်သေ၊ ပစ္စည်းသက်သေ စုံစမ်းဆဲပါ။ မှန်တဲ့အတိုင်းကို ဥပဒေနဲ့အညီ ဆောင်ရွက်မှာပေါ့။ ဘက်လိုက်ခြင်း မရှိဘူးပေါ့။

ဒီကိစ္စက တကယ်တမ်းကျတော့ ပြည်သူအတွက် ဖွဲ့စည်းထားတဲ့ တပ်ဖွဲ့လေ။ ယာဉ်ထိန်းရဲဆိုတာ ချစ်တယ်၊ ခင်ရင်တောင်မှ အဲ့ဘက်က လိုက်လို့မရတဲ့ဘ၀။ ဘာလို့လဲဆိုတော့ လိုက်ရင် ကျွန်တော်တို့ရဲ့ အရောင် မှိန်သွားမှာပေါ့။ ယာဉ်ထိန်းရဲလို့သာ ပြောတာ တကယ်တမ်းကျတော့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ပဲ။ ရဲဆိုတာ ဘယ်သူ့အတွက် ဖွဲ့ထားလဲဆိုတော့ ပြည်သူ့အတွက် ဖွဲ့ထားတာ။ ပြည်သူ့ဘက်က လိုက်တော့လည်း ဒီဘက်က ကိုယ့်တပ်ဖွဲ့။ အဲဒီတော့ အလယ်ကနေ မှန်ကန်မှု လမ်းကြောင်း အတိုင်းပဲ သွားမှာပဲ။ တကယ်တမ်း ကျတော့ ဒီဖြစ်စဉ် သိသိချင်း ကျွန်တော်တို့ ဆောင်ရွက်ချက်ကတော့ အမှုဖွင့်တာတွေ ဘာတွေ လုပ်ခိုင်း ထားတယ်။ အဲတော့ အထက်အဆင့်ဆင့်ကို သတင်းပို့တယ် ဆိုတော့လည်းပဲ တပ်ဖွဲ့ခွဲမှူးတို့၊ တပ်ဖွဲ့စုမှူးတို့ရဲ့ သတင်းပို့မှုက ကျွန်တော်တို့ဆီ ရောက်မလာဘူး။ တကယ်ကျတော့ ရောက်မလာပေမယ့် ကျွန်တော်တို့ အရေး အသားအရ ဘယ်လိုဖြစ်သွားလဲဆိုတော့ အထက်အရာရှိ အဆင့်ဆင့်က မသိကျိုးကျွန် ပြုနေတယ်ဆိုပြီး ကျွန်တော်တို့ပါ ပါလာတယ်။ ကျွန်တော်တို့ အဆင့်ကို ရောက်မလာဘူး။ အောက်မှာတင် ဖြေရှင်းတယ်။ မရှင်းတာ မဟုတ်ဘူး။ ရှင်းတယ်။ တကယ်တမ်းကျတော့မှာ ပွင့်ပွင့်လင်းလင်း ပြောရရင် တာဝန်ထမ်းဆောင် နေတဲ့ ၀န်ထမ်းကို စော်ကားတယ်ဆိုတဲ့ ကိစ္စက ဒီအတိုင်းသာမှန်ရင် ကျွန်တော်တို့ ၀န်ထမ်းဘက်က မလိုက် နိုင်စရာ အကြောင်းမရှိဘူး။ ဥပဒေအတိုင်း ဘာလို့မဖြစ်ရမှာလဲ။ ဒါကို စဉ်းစားစရာက ကိုယ့်ဘက်က နာချင် သော်လည်းပဲ မမှန်ခဲ့ရင် ကျွန်တော်တို့တွေ ကွိခနဲဖြစ်သွားမှာပေါ့။ မမှန်ခဲ့လို့ သူတို့ စွပ်စွဲထားသလို သူတို့ ကိုလည်း ခြေထောက်နဲ့ ပြန်ကန်ခဲ့တယ်ဆိုတာ လူသက်သေ ပစ္စည်းသက်သေနဲ့ ဖော်ထုတ်တာ ပေါ်ပေါက် ခဲ့တယ်ဆိုရင် ကျွန်တော်တို့က ကိုယ့်ဘက်ကနေသာ လိုက်ထားခဲ့မယ်ဆိုရင် အဖွဲ့အစည်းပါ သိက္ခာကျမှာ။ ဒါကိုတော့ ကျွန်တော်တို့က အလယ်တည့်တည့်က ရပ်ပေးနေရမယ်။ ကျွန်တော်တို့က CCTV နဲ့ ရိုက်ထားသလို မြင်ရတာမှ မဟုတ်တာ။ သူ့ဘက်ကိုယ့်ဘက် သက်သေက သက်ဆိုင်ရာ အမှုစစ်က စစ်ဆေးရမှာ။ အမှုလည်း ဖွင့်ထားပြီ။ ကျွန်တော်တို့ဘက်ကလည်း ဖြစ်စဉ်ကို သိတာက ၁၆ ရက်နေ့မှ သိတာ။ ၁၇ ရက်နေ့မှာ သက်ဆိုင်ရာ တပ်ကြပ်ကြီး သောင်းဒန်နဲ့ အချင်းဖြစ်တဲ့ မိသားစုနဲ့ ဒီအခန်းထဲမှာ ခေါ်ပြီး တွေ့ပေးလိုက်တယ်။ ခေါ်တွေ့ပေးပြီးတော့မှ ရှင်းကြ ပြောကြဟေ့ဆိုပြီး နှစ်ဖက်ကြားနာပြီးတော့ အဲအပေါ်မှာ ဆုံးဖြတ်ပေးလို့မရဘူး။ တစ်ဖက်ကလည်း ကျွန်တော်တို့ မှားပါတယ်လို့ ၀န်မခံဘူးလေ။ သူ့မှားယွင်းမှုအတွက် ဘယ်လိုပြစ်ဒဏ်၊ ကိုယ့်မှားယွင်းမှုအတွက် ဘယ်လို ပြစ်ဒဏ်ဆိုတာလည်း ရှိတာပဲ။

တာမွေအောင်ကို၊ ၀ိုင်းမော်
မြန်မာသံတော်ဆင့်