စင်ကာပူ ဝက်ဘ်ဆိုက် ၁၈၀ ကျော်တိုက်ခိုက်ခံရ

ပို့စ်တင်ချိန် - 2/28/2014 10:42:00 AM


စင်ကာပူ ဝက်ဘ်ဆိုက် ၁၈၀ ကျော်ခန့်သည် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ဟက်ကာများ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရကြောင်းသိရသည်။

SingCERT ဆိုက်ဘာလုံခြုံရေး အဖွဲ့အစည်း၏ ဖော်ပြချက်အရ တိုက်ခိုက်ခံရမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ပထမအကြိမ်တွင် ဝက်ဘ်ဆိုက် ၈၀ ကျော်တိုက်ခိုက် ခံခဲ့ရကြောင်း၊ ၎င်းဆိုက်များအနက် အချို့ကို စင်ကာပူ အတိုက်အခံနိုင်ငံရေး ပါတီဖြစ်သည့် Reform Party ဆိုက်များဖြစ်ကြောင်း သိရသည်။

အဆိုပါ နိုင်ငံရေးပါတီ၏ Facebook စာမျက်နှာတွင် ဟက်ကာများသည် ၎င်းတို့၏ဆိုက်ကို ထိန်းချုပ်ပြီး စင်ကာပူအလံ ဓာတ်ပုံပါဝင်သည့် ဝက်ဘ်စာမျက်နှာတစ်ခု ထည့်သွင်းကာ deface လုပ်ခြင်းဖြင့် တိုက်ခိုက်ခံခြင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။ အဆိုပါတိုက်ခိုက်မှုများသည် Anonymous Indonesia မှပြုလုပ်ခြင်းဖြစ်ကြောင်း Reform Party မှအထွေထွေအတွင်းရေးမှူး Kenneth Jeyaretnam ကအတည်ပြုခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုများနှင့် ပတ်သက်၍ hosting provider များကို သတိပေးမှုများပြုလုပ်ခဲ့ကြောင်း၊ သို့သော် အစိုးရဝက်ဘ်ဆိုက်များ တိုက်ခိုက်ခံရခြင်း မရှိခဲ့ကြောင်း SingCERT မှပြောကြားခဲ့သည်။

ယင်းကဲ့သို့ ဝက်ဘ်ဆိုက်များ တိုက်ခိုက်ခံရခြင်းသည် ဝက်ဘ်ဆိုက်စီမံခန့်ခွဲမှု နည်းလမ်းကိုရယူနိုင်သည့် SQL injections နှင့်ဆာဗာ၏ File Transfer Protocal မှ user-name နှင့် password များကိုရယူသည့် နည်းလမ်းမှတစ်ဆင့် ဖြစ်ပွားရခြင်းဖြစ်ကြောင်း သိရသည်။

-နောင်နောင်
Ref: TechInAsia
Internet Journal