အငြင်းပွားနေသည့် မျိုးစောင့် ဥပဒေကိစ္စ လွှတ်တော်က အစိုးရအဖွဲ့ထံ ပြန်လွှဲ

ပို့စ်တင်ချိန် - 2/28/2014 01:39:00 PM

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၇

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က သဝဏ်လွှာ ပေးပို့ကာ ပြည်ထောင်စု လွှတ်တော်သို့ တိုက်တွန်းထားသော နိုင်ငံသားများ အကြား အငြင်းပွားနေသည့် မျိုးစောင့် ဥပဒေဆိုင်ရာ ဥပဒေ လေးရပ် ပြဋ္ဌာန်းပေးရေးကို သက်ဆိုင်ရာ အစိုးရအဖွဲ့ ဝန်ကြီးဌာနများက ရေးဆွဲပြီးမှသာ လွှတ်တော်သို့ ပြန်လည် တင်ပြရန် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ဆုံးဖြတ်လိုက်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

အဆိုပါ သဝဏ်လွှာကို နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ ပေးပို့ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ သဝဏ်လွှာတွင် ပါရှိသည့် ကိုးကွယ်ရာ ဘာသာ ကူးပြောင်းခြင်း ဆိုင်ရာ ဥပဒေ၊ လက်ထပ် ထိမ်းမြားခြင်း ဆိုင်ရာ ဥပဒေ၊ တစ်လင်တစ်မယား စနစ် ကျင့်သုံးခြင်း ဆိုင်ရာ ဥပဒေနှင့် လူဦးရေ တိုးပွားနှုန်း ထိန်းညှိခြင်း ဆိုင်ရာ ဥပဒေတို့ကို သက်ဆိုင်ရာ ဝန်ကြီးဌာနများက ရေးဆွဲပြီးမှသာ လွှတ်တော်သို့ ပြန်လည် တင်ပြရန် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

ကိုးကွယ်သည့် ဘာသာ ကူးပြောင်းခြင်း ဆိုင်ရာ ဥပဒေကို သာသနာရေး ဝန်ကြီးဌာနက ရေးဆွဲရန်၊ လက်ထပ် ထိမ်းမြားခြင်း ဆိုင်ရာ ဥပဒေနှင့် တစ်လင်တစ်မယား စနစ် ကျင့်သုံးခြင်း ဆိုင်ရာ ဥပဒေကို ပြည်ထောင်စု တရားလွှတ်တော်ချုပ် ရုံးက ရေးဆွဲပေးရန်လည်း သူရဦးရွှေမန်းက ဆက်လက် တိုက်တွန်း ပြောကြားလိုက်သည်။

ထို့ပြင် လူဦးရေ တိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေကို လူဝန်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနက ဥပဒေကြမ်း အဖြစ် ရေးဆွဲကာ လွှတ်တော်သို့ ပြန်လည် တင်ပြရန် ၎င်းက တိုက်တွန်းခဲ့သည်။

လွှတ်တော်က ဆုံးဖြတ်လိုက်သည့် မျိုးစောင့် ဥပဒေဆိုင်ရာ ပြဋ္ဌာန်းရေးအတွက် ဆုံးဖြတ်ချက်များကို နိုင်ငံတော် သမ္မတထံ မကြာမီ အချိန်အတွင်း သဝဏ်လွှာ ပေးပို့သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

အဆိုပါ ဥပဒေများ အတည်ပြုနိုင်ရေး အတွက် ဥပဒေကြမ်းများ ရေးဆွဲရာတွင် ပြည်ထဲရေး ဝန်ကြီးဌာန၊ နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် လူ့အခွင့်အရေး ကော်မရှင်တို့နှင့် ဆက်နွှယ် လုပ်ဆောင် သွားရမည့် အချက်ကိုပါ ထည့်သွင်း ပေးပို့သွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းဆိုသည်။

အဆိုပါ မျိုးစောင့် ဥပဒေများ ပြဋ္ဌာန်းနိုင်ရေး အတွက် အမျိုးဘာသာ သာသနာနှင့် တိုင်းပြည်အကျိုးကို စောင့်ရှောက်ရန် လိုလားကြသော နိုင်ငံ၏ ဦးဆောင် ဆရာတော်များ၊ သံဃာတော်များ အပါအဝင် နိုင်ငံသားပေါင်း ၁ ဒသမ ၃၃၅၆၀၀ သန်းက လက်မှတ်ရေးထိုး ဆန္ဒပြုထားခြင်း ဖြစ်ပြီး မဖြစ်မနေ ပြဋ္ဌာန်းပေးရန် အတွက် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ (ဗဟို) ၏ ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ နိုင်ငံတော် သြဝါဒစရိယ ဘဒ္ဒန္တတိလောကာဘိဝံသ ကိုယ်တိုင် လက်မှတ်ရေးထိုး တင်ပြခဲ့ခြင်း ဖြစ်ကြောင်း နိုင်ငံတော် သမ္မတက လွှတ်တော်သို့ ပေးပို့သော သဝဏ်လွှာတွင် ပါရှိသည်။

အဆိုပါ နိုင်ငံတော် သမ္မတ၏ မျိုးစောင့် ဥပဒေဆိုင်ရာ သဝဏ်လွှာနှင့် ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော် အစည်းအဝေး မစတင်မီ ကော်မတီ၊ ကော်မရှင် ဥက္ကဋ္ဌများ အထူးအစည်းအဝေး ကျင်းပခဲ့ရကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ ထံမှ သိရှိရသည်။

ဖေဖော်ဝါရီလ ၂၃ ရက်နေ့က အစိုးရ ရုံးစိုက်ရာ နေပြည်တော်ရှိ တပေါင်းကွင်းတွင် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ ဗဟိုကော်မတီက မျိုးစောင့် ဥပဒေ ပြဋ္ဌာန်းရေး ဆိုင်ရာ ဟောပြောမှုများ ပြုလုပ်ပြီး သုံးရက်ကြာတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က မျိုးစောင့် ဥပဒေ ပြဋ္ဌာန်းရေး အတွက် သဝဏ်လွှာပို့ တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။
The Voice Weekly