ဧရာဝတီမြစ်ထိန်းသိမ်းရေး ကမ္ဘာ့ဘဏ် ဒေါ်လာ သန်း ၁၀၀ ကူညီရန် စီစဉ်

ပို့စ်တင်ချိန် - 5/11/2014 02:01:00 PM




ကမ္ဘာ့ဘဏ်က ဧရာဝတီမြစ်ထိန်းသိမ်းရေးအတွက် အမေရိကန်ဒေါ်လာ သန်း ၁၀၀ အကူ အညီပေးရန် အစိုးရတာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်းနေ ကြောင်း သတင်းရရှိသည်။

ဧရာဝတီမြစ်အတွင်း ရေ ကြောင်းပို့ဆောင်ရေးကဏ္ဍ၊ နုန်း ပို့ချမှုအခြေအနေ၊  ဆည်မြောင်း များတွင် စိုက်ပျိုးရေ ရရှိမှုအခြေ အနေနှင့် မြစ်ကြောင်းတစ် လျှောက် မိုးလေ၀သစခန်းများ တည်ဆောက် သုတေသနပြုလုပ် ရန် စသည်တို့အတွက် ကူညီရန် ဖြစ်သည်။

ကမ္ဘာ့ဘဏ်က အကူအညီ နှင့်ပတ်သက်၍ ဒုတိယသမ္မတ ဦးဆောင်ပြီး ပို့ဆောင်ရေး ၀န်ကြီးဌာန၊ ရေပညာရှင်တို့ ပါဝင်သည့် အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီအဖွဲ့ဝင်များက မေလ ၁၀ ရက်တွင်ဆွေးနွေးညှိနှိုင်းကြသည်။

စီမံကိန်းအကောင်အထည် ဖော်မည့် အဆိုပါကော်မတီက ဆွေးနွေးညှိနှိုင်းနေစဉ်အတွင်း ကမ္ဘာ့ဘဏ်က ရေးဆွဲထားသည့် စီမံကိန်းပရိုပိုဆယ်တွင် ဧရာဝ တီမြစ်ရေဝေရေလဲဒေသနှင့် ပတ် သက်၍ ပညာရှင်များအကြား အငြင်းပွားဖွယ်ရာဖြစ်ပေါ်ခဲ့သည်။

‘‘သူတို့က နိုင်ငံတကာမြစ် ဖြစ်တယ်။ မြန်မာမြစ် မေခနဲ့ မလိခကို တရုတ်အမည် ဒါရင်း- ဂျီယမ်ကို သုံးနှုန်းထားတယ်။ ဒီ မြစ်ဟာ တရုတ်ကစသလိုလို လုပ်ထားတယ်။ လုံးဝလက်မခံပါဘူး။ ကမ္ဘာ့ဘဏ်က ဘာသဘောနဲ့ ပရိုပိုဆယ်မှာရေးတာလဲ။ ဖျက် ပေးပါလို့ ပြောထားတယ်။ မဖျက် ပေးဘူးဆိုရင် သူကူညီတဲ့ သန်း ၁၀၀ ကိစ္စကို လုံးဝကန့်ကွက်ပါ တယ်’’ ဟု အဆိုပါ ဆွေးနွေးပွဲ တက်ရောက်ခဲ့သူ အမျိုးသား အဆင့် ရေအရင်းအမြစ် ကော်မ တီအဖွဲ့ဝင် ဦးအုန်းက ပြောကြားသည်။

အကူအညီတာဝန်ယူလက် ခံမည့်အဖွဲ့က ယင်းကိစ္စကို သတိပြုသင့်ကြောင်း၊ ကမ္ဘာက ထိုသို့ လက်ခံပါက မြန်မာဧရာဝတီမြစ် သည် တရုတ်နိုင်ငံတွင် မြစ်ဖျားခံ သည်ဟု လက်ခံသည့် သဘော ဆောင်မည်ဖြစ်ကြောင်း၊ မြစ်နာမည် မပြောင်းလဲပေးပါကထောက်ပံ့မည့်ငွေများကို လက်မခံရန် ဦး အုန်းက ဆက်လက်တိုက်တွန်း သည်။

‘‘ကမ္ဘာ့ဘဏ်က ဒေါ်လာ သန်း ၁၀၀ ကူညီမှာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ ဒီမြစ်ကို တရုတ် မြစ်ဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်မှာ အဲဒီနာမည်မသုံးနှုန်းထားပါဘူး’’ ဟု အမျိုးသားအဆင့်ရေအရင်းအမြစ် ကော်မတီ အကြံပေး ဒေါက်တာ ခင်နီနီသိန်းကပြော ကြားသည်။

ကမ္ဘာ့ဘဏ်၏ လုပ်ထုံးလုပ် နည်းအရ မည်သည့်စီမံကိန်း လုပ်ဆောင်သည်ဖြစ်စေ စီမံကိန်း ၏ အကျိုးသက်ရောက်မှုကို ထည့်သွင်းစဉ်းစားရသည့် အ ချက် (၁၀) ချက်ရှိသည်။ ယင်းအချက် (၁၀) ချက်တွင် ပတ်ဝန်း ကျင်ထိခိုက်မှုစစ်တမ်း၊ လူမှုပတ် ၀န်းကျင်ထိခိုက်မှုစစ်တမ်းအပါ အ၀င် နယ်နိမိတ်ဆက်စပ်မှုအရ ထည့်သွင်းစဉ်းစားရမည့်အချက် များကို ထည့်သွင်းရသည်လည်း ရှိသည်။

အဆိုပါစီမံကိန်းမှာ ပြင်ဆင် နေဆဲဖြစ်ပြီး ကမ္ဘာ့ဘဏ်အနေ ဖြင့် အရပ်ဘက်အဖွဲ့အစည်း၊ ပညာရှင်များ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလှုပ်ရှားသူများ၊ အစိုးရဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ အလှူရှင်များနှင့် မေလ ၁၆ နှင့် ၁၉ ရက်များတွင် မန္တ လေးမြို့နှင့် ရန်ကုန်မြို့၌ တွေ့ ဆုံမည်ဟု သတင်းရရှိသည်။

7day daily