ဝန်ဆောင်မှုမှအပ စိတ်ဒုက္ခ မျိုးစုံ ရလို ပါသလား လာဟေ့ … ကားစီးကြ

ပို့စ်တင်ချိန် - 5/11/2014 09:23:00 AM



   ပန်းဆိုးတန်း မှတ်တိုင်တွင် ရပ်ထားသည့် ကားကို လှမ်းမြင်လိုက်ရတာမို့ ခြေလှမ်း ခပ်သွက်သွက်ဖြင့် ကားအနီး အရောက်သွား လိုက်သည်။ သို့သော် ကားနံဘေး အရောက် ကားပေါ်တွင် ပိုက်ဆံ ကောက်နေသည့် စပယ်ယာကို မြင်လိုက်ရသည့်အခါ ကားစီးမည့် သူမခြေလှမ်းများ တုံ့ဆိုင်းသွားရသည်ဟု မဇင်မေက ဆိုသည်။”အိမ်ပြန်နောက် ကျချင် နောက်ကျပါစေ။ ဒီစပယ်ယာ လိုက်တဲ့ ကားတော့ မစီးတော့ဘူး”ဟု မဇင်မေက ပြောသည်။

မဇင်မေသည် မြောက်ဒဂုံဂိတ်ဟောင်း မှတ်တိုင်မှ ရန်ကုန်မြို့ထဲ ဆူးလေသို့ နေ့ စဉ်ဘတ်စ်ကားစီး၍ ရုံးတက်ရသည့် ကုမ္ပ ဏီဝန်ထမ်းတစ်ဦးဖြစ်သည်။ သူမ အလုပ် လုပ်ရ သည့်ကုမ္ပဏီသည် ဖယ်ရီမရှိသည့် အတွက် လုပ်ငန်းခွင်နှင့်အိမ် နေ့စဉ်အ သွားအပြန်အတွက် ဘတ်စ်ကားသည်သာ အားထားရာ ဖြစ်သည်။သို့သော် သူမ စီးရသည့် ယာဉ်လိုင်းမှ ထိုစပယ်ယာလိုက်သည့် ကားနှင့် ကြုံရတိုင်း ယဉ်ကျေးမှုမရှိသည့် ဆက်ဆံ ရေးများကြောင့် သူမ စိတ်ညစ်ဒေါသဖြစ် ရသည်။ ထို့ကြောင့်ပင် ၎င်းလိုက်သည့် ကားဆိုလျှင်ဝေးဝေးမှ ရှောင်သည်ဟု ဆိုသည်။

”ခရီးသည်တွေအားလုံးကို သူ့အိမ်က ကားကို အလကားကပ်စီးနေသလို လေသံမာမာ၊ အပြောကြမ်းကြမ်းနဲ့ အမြဲဆက်ဆံတတ်တယ်လေ”ဟု ဝန်ဆောင်မှု ညံ့ဖျင်းသည့် ထိုစပယ်ယာအပေါ် မဇင်မေက မှတ်ချက်ပြုသည်။ မထသ (ဗဟို)၏ စာရင်းများအရ ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် ဘတ်စ် ကားလိုင်းပေါင်း ၁၉ လိုင်းရှိကာ ဘတ်စ် ကားအစီးရေ ၆၆ဝဝ နီးပါးရှိသည်ဟု သိ ရသည်။ ရန်ကုန်၌ နေ့စဉ်ဘတ်စ်ကားစီး သည့်ဦးရေမှာလည်း ခန့်မှန်းခြေအားဖြင့် ၂ ဒသမ ၅ သန်းရှိသည်ဟု ၎င်းဌာနမှ သိရသည်။

အဆိုပါ ရန်ကုန်၏ ဘတ်စ်ကားစီးနေသည့် ခရီးသည် ၂ သန်းကျော် ၃ သန်းနီးပါးရှိနေသည့်အထဲ ခရီးသည်အ ချို့မှာ စပယ်ယာ(ယာဉ်နောက်လိုက်)များ ကြောင့် စိတ်သောကများ ကြုံတွေ့နေကြ ရသည်ဟု ရင်ဖွင့်ပြောဆိုကြသည်။လူကိုလူလို မမြင်ဘဲငွေကိုသာ ကြည့်နေကြသည့် စပယ်ယာအချို့ကြောင့် ခရီးသည်များမှာ ငါးပိ ငါး ချဉ်သိပ်သကဲ့သို့ ဘတ်စ်ကားအတွင်း ထိုးသိပ်ထည့်သည့် ဒဏ်များကို ခံစားနေကြရသည်ဟု ပြောဆိုသံများ မကြာခဏ ကြားကြရသည်။ ကမ္ဘာအေးဘုရားလမ်း ၁ဝ၆ မှတ် တိုင်အနီးတွင် နေထိုင်သည့် ခရီးသည် တစ်ဦးကတော့ ယင်းကဲ့သို့ ငါးပိငါးချဉ် သိပ်ဇွတ်တင်ကာ ကားပေါ်ရောက်ပါက ခရီးသည်များအပေါ် တန်ဖိုးထားမှု မရှိခဲ့ သည့် စပယ်ယာတစ်ဦးအကြောင်း ဤကဲ့သို့ ရင်ဖွင့်ပါသည်။

သူမသည် ထိုနေ့က ကမ္ဘာအေး ဘုရားလမ်းအတိုင်းသွားသည့် ၁ဝ၃ (မီနီ ဘတ်စ်)ကားကို စက်မှု(၁)မှတ်တိုင်မှ စီးခဲ့ သည်။ ကားပေါ် တက်လိုက်သည်နှင့် စပယ်ယာ က အနောက်သို့ အတင်းတိုးခိုင်း ပြီး နောက်ထပ်ခရီးသည်များ ထပ်မံတင်သည်။ သူမ ဆင်းရမည့် ၁ဝ၆ မှတ်တိုင်နှင့် အနီးဆုံးမှတ်တိုင်ရောက်၍ ဆင်းရန် ကြို ပြင်ပြီး ကား အတက်အဆင်းနားတိုးလာသည်ကို စပယ်ယာကနောက်ထပ်တင်မည့် ခရီးသည်များကိုသာအာရုံထားပြီး အတက်အဆင်းလမ်းကြောင်းပိတ်သည်ဟုဆိုကာ ဆွဲတွန်း ဖယ် သည်ဟု ဆိုသည်။

”ကျွန်မကို အဲဒီလို ဆွဲတွန်းဖယ်လိုက်တော့ ဒေါသဖြစ်သွားတယ်။ ကားပေါ်က ဆင်းတာနဲ့ အဲဒီကားကို ဖုန်းနဲ့ ဓာတ်ပုံရိုက်လိုက်တယ်။ တိုင်မလို့ပါ”ဟု ဆိုသည်။သို့သော် လက်တွေ့တွင် သူမကြောင့် သူတစ်ပါး ထမင်းအိုးကွဲမည်ဆိုးသောကြောင့် တိုင်တန်းခြင်းမပြုခဲ့ပါဟု ၎င်းက ပြောသည်။ ယာဉ်လုပ်သားများမှာ တစ်စီးနှင့် တစ်စီး အပြိုင် အ ဆိုင် လုယက်မောင်းနှင်ခြင်းကြောင့် ၎င်းတို့အချင်းချင်း ခိုက်ရန် ဖြစ်ပွားပြီး ရိုက်နှက်မှုများရှိကြောင်း၊ ၎င်း တို့ကို ယာဉ်လုပ်သားဘဝမှ ရာသက်ပန် ထုတ်ပယ်ကြောင်း မထသ(ဗဟို)၊ စည်း ကမ်းထိန်းသိမ်းရေးဌာနမှ သိရသည်။

၎င်းယာဉ်လုပ်သားများမှာ ယာဉ်လုပ်သားအချင်းချင်း ဖြစ်ပွားတတ်သည့် ပြဿနာများလည်းရှိပြီး ခရီးသည်များကို ကိုယ်ထိလက်ရောက် ကျူးလွန်ကာဆဲဆို မှုများ ရှိကြောင်း၊ ယင်းဖြစ်စဉ်များအပြင် ယာဉ်စီးခပိုမိုတောင်းခံခြင်း၊ မှတ်တိုင်ကျော်ရပ်ကာ ခရီးသည်ချပေးခြင်း၊ ဆွဲတင်၊ ဆွဲချပြုလုပ်ခြင်း၊ သတ်မှတ်လမ်းကြောင်း အ တိုင်း မော င်းနှင်မှုမရှိဘဲ ခရီးစဉ် ဆစ် ပိုင်းပြေးဆွဲနေမှုများကို ယနေ့အထိ ကြုံ တွေ့ခံစားနေရသေးကြောင်း ခရီးသည်များက ပြောသည်။ခရီးသည်နှင့် စပယ်ယာအကြားရှိြ ပဿနာ များနှင့်ပတ်သက်၍ ၂၁ဝ ယာဉ် လိုင်းမှစပယ်ယာတစ်ဦးကတော့ ၎င်းအနေဖြင့် ခရီးသည်များနှင့် ပြေလည်အောင် ဆက်ဆံလေ့ရှိသော်လည်း တစ်ခါတစ်ရံတွင်တော့ သည်းခံစိတ်များ လျော့ပါးသွားတတ်သည်ဟု ဆိုသည်။ ”တစ်ခါတစ်လေ စိတ်မကြည်လင်တဲ့ အခါမျိုးဆို ခရီးသည်နဲ့ အဆင်မပြေတာမျိုးလည်း ရှိပါတယ်”ဟု ဆိုသည်။

ကားအစီးရေ ၄ဝဝကျော်ဖြင့် ပါရမီ အဓိပတိယာဉ်လိုင်းပေါင်း ၁၅ လိုင်း ပြေးဆွဲပေးနေသည့် ဗန္ဓုလသယ်ယူပို့ဆောင်ရေးမှ မန်နေးဂျင်းဒါရိုက်တာ ဦးမျိုးမြင့်ကလည်း ၎င်းတို့ ယာဉ်လိုင်းတွင် ခရီးသည်နှင့် စပယ်ယာအကြားပြဿနာများကြောင့် ထုတ်ပယ်ခဲ့ရသည့် စပယ်ယာများ ရှိခဲ့သည်ဟု ဆိုသည်။ မထသ(ဗဟို)မှ ထုတ်ပြန်ထားသော ယာဉ် စည်းကမ်းထိန်းသိမ်းရေး ပြစ်မှုနှင့် ပြစ်ဒဏ်သတ်မှတ်ချက်များတွင် ခရီးသည်အား ကိုယ်ထိလက်ရောက်စော်ကား မှုပြုခြင်း၊ စပယ်ယာနှင့် ယာဉ်မောင်းများ အရက်ေ သာက်ခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းပြုမူပါက ထုတ်ပယ်ခြင်း၊ မချေမငံ ဆက်ဆံခြင်းပြုမူပါက တစ်လပိတ်၊ ဆဲဆိုစော်ကားပါက ထုတ်ပယ်ခြင်း၊ ခရီးသည် များ အနှောင့် အယှက်ဖြစ်ခြင်း၊ စိတ်ငြိုငြင် ခြင်းပြုမူပါက တစ်လပိတ်ခြင်း၊ ယာဉ်စီးခ ပိုမို တောင်းခံခြင်း ပြုမူပါကဒဏ် ငွေသုံးသောင်းနှင့် တစ်လပိတ်ခြင်း၊ ခရီးသည်အား ဆွဲတင် ဆွဲ ချမှုပြုမူပါက ဒဏ်ငွေတစ်သောင်းပေးဆောင်ရခြင်းစသည်ဖြင့် ပြစ်မှုအမျိုးအစားအလိုက်သတ်မှတ်ပြစ် ဒဏ်များချမှတ်ကာ အရေးယူမှုပြုနေသည်ဟု မထသ (ဗဟို)မှ သိရ သည်။

၎င်းနှင့်ပတ်သက်၍ မထသ(ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်က ”ယာဉ်လုပ်သားတွေအနေနဲ့ မောက်မာစွာ ပြောဆိုတာလည်း မရှိသင့်ဘူး။ အဲဒီလို လူတွေက ဘယ်သူတွေ လဲကြည့်ရင်၊ တရားဝင်ယာဉ် လုပ်သားမဟုတ်တဲ့သူတွေ ဖြစ်နေတာ တွေ့ရတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကသိမ်းကျုံးပြီး ပြောနေရတာရှိတယ်” ဟု ဆိုသည်။ ခရီးသွားပြည် သူများကို ဝန်ဆောင်မှုပေးနေသော ယာဉ်လုပ်သားများအနေဖြင့် ၎င်းတို့၏ ကိုယ်ကျင့်စရိုက်၊ စိတ်နေစိတ်ထားများကို အဓိက ပြောင်းလဲသင့်ကြောင်း၊ သတ် မှတ်ထား သည့် ယာဉ်စီးခများအတိုင်း ပေးဆောင်သော ခရီးသည်များအပေါ် ၎င်းတန်ဖိုးနှင့် ညီညွတ်မျှတမှုရှိသည့် ဝန်ဆောင်မှု ကိုယာဉ်လုပ် သား များ မှ ပေးဆောင်နိုင်ရမည်ဟု ဥက္ကဋ္ဌ ဦးလှအောင်က သုံးသပ်သည်။

ထိုသို့ ခရီးသည်နှင့် စပယ်ယာအကြား ဖြစ်ပွားနေသည့် ပြဿနာများနှင့်ပတ်သက်၍ ပြည်တွင်းနှင့် နိုင်ငံတကာရှိ ပို့ဆောင်ရေးစနစ်များကို လေ့လာခဲ့သည့် ပညာရှင် တစ်ဦးက ယာဉ်တစ်စီးနှင့် တစ်စီး ကျော်တက်ခြင်း၊ လုယက်မောင်းနှင်ခြင်း၊ မှတ်တိုင်တစ်ခုတွင် နံပါတ်တူကားအစီးရေများ မြင်တွေ့နေရခြင်း၊ အချို့ ယာဉ်များသည် ခရီး သည် အသက်ရှူကျပ်လောက်သည်အထိ လူတင်နေခြင်းစသည်ဖြင့် ကျင့်သုံးနေကြသည့် System Network  တစ်ခုလုံးကို ပြောင်းလဲကျင့်သုံးရန် လိုအပ်သည်ဟု ဆို သည်။

”ဒီမှာက မြို့တွင်းဘတ်စ်ကားအ စီးရေခြောက်ထောင့်ငါးရာလောက်ရှိရင် သုံးပုံပုံလို့ နှစ်ပုံလောက်က အားနည်းနေတာတွေ့ရတယ်။ အဲဒါတွေကို ပြောင်းလဲ ရမယ်”ဟု ၎င်းက ဆိုသည်။ ထို့ပြင် ယခုနှစ် ဧပြီလအတွင်းက ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းများအရ နိုင်ငံ၏ လူဦးရေသည် ပိုမိုတိုးလာသည်ကိုတွေ့ရသည့်အတွက် ၎င်း လူဦး ရေများအတွက် လိုအပ်သော ပို့ဆောင် ရေးစနစ်ကို ပုဂ္ဂလိကတစ်ခုတည်းနှင့် အားထားလုပ်ဆောင်ပါက ရတော့မည်မဟုတ်ဟု ဆိုသည်။ ယင်းပြဿနာအား အစိုးရ ပိုင်းက တရုတ်၊ အိန္ဒိယ၊ ဂျပန် စသည့်နိုင်ငံများမှ ချေးငွေများ ရယူကာ အကူအညီပေးသင့်သည်ဟု သုံးသပ်သည်။

၎င်းကပင် ဆက်လက်၍ဘန်ကောက်တွင် MRT, BRT စသည်တို့ကို အစိုးရပိုင်းမှရင်းနှီးမြှုပ်နှံသူများနှင့် ပူးပေါင်းလုပ်ဆောင်သကဲ့သို့ မိမိတို့နိုင်ငံတွင်လည်း အစိုးရပိုင်းမှ တိုက်ရိုက်ဆောင်ရွက်မည့် ကော်မရှင်(သို့မဟုတ်) အဖွဲ့အစည်းတစ်ခုဖြင့်ဆောင်ရွက်သင့်သည်ဟု ဆိုပါသည်။ ၄၈ ယာဉ်လိုင်းပိုင်ရှင် ဦးထွန်းထွန်း ကလည်း ထို သို့သော ပြဿနာများ မဖြစ် ပေါ်စေရန်အတွက် ယာဉ်လိုင်းပိုင်ရှင်တစ် ဦးတစ်ယောက်ချင်းအနေဖြင့် လုပ်ဆောင် နေကြခြင်းထက် ယာဉ်လိုင်းပိုင်ရှင်များ အားလုံး စုပေါင်း ကာ စည်းကမ်းတကျ လုပ်ဆောင်ပါက ယာဉ်မောင်းများ၊ စပယ် ယာ(ယာဉ်နောက်လိုက်)များနှင့် ခရီးသည်အကြား ပြဿနာများကင်းရှင်းသွားနိုင်မည်ဟု ဆိုပါ သည်။

”ငွေတစ်ခုတည်းမကြည်ဘဲနဲ့ စည်းကမ်းပိုင်းဆိုင်ရာ ဝန်ဆောင်မှုပိုင်းဆိုင်ရာတွေကို ယာဉ်လိုင်းပိုင်ရှင်တွေ စုပေါင်းဖြေရှင်းသင့်တယ်”ဟု၎င်းက ဆိုသည်။ဗန္ဓုလ သယ် ယူ ပို့ဆောင်ရေးမှ ဦးမျိုးမြင့်ကလည်း နိုင်ငံတကာတွင် ကျင့်သုံးနေကြသည့် စနစ်အတိုင်း စပယ်ယာမထားဘဲ ယာဉ်မောင်းတစ်ဦးတည်းဖြင့် လုပ်ဆောင်သွားပါက ခရီး သည်နှင့် ဘတ်စ်ကားဝန်ဆောင်မှု ပြဿနာများ သာမက ယာဉ်အန္တရာယ်ဖြစ်ပေါ်ခြင်းကိုပါ ကာကွယ်နိုင်မည်ဟု ဆိုသည်။

”ဒီလိုသာဆို ယာဉ်မောင်းကလည်း ကားမောင်းတာတစ်ခုတည်းကို ဂရုစိုက်မောင်းနိုင်မယ်။ ပြီးတော့ ဆွဲတင်တာတွေ၊ တွန်းချတာတွေ၊ ယာဉ်စီးခ ပိုတောင်းတာ တွေလည်း မဖြစ်တော့ဘူး။ ယာဉ်စီးခကောက်ခံမှုကို စက်တွေနဲ့ပဲသွားမယ်”ဟု ၎င်းက ပြောသည်။ အဆိုပါ စနစ်ကဲ့သို့ပင် စပယ်ယာမပါဘဲ ယာဉ်မောင်းတစ်ဦးတည်းဖြင့် i Pay စနစ် ယာဉ်စီးခ ကောက်ခံမှုစနစ်ကို Forever Green Right Service မှ လုပ်ဆောင်သွားရန် ပြင်ဆင်နေသည်ဟု သိရသည်။

”ဒါကို ပျောက်ကွယ်ဖို့ဆိုရင် လမ်းအလိုက် မောင်းနှင်ရမယ့်ကားလိုင်းတွေ သီးသန့်ထားပေးသင့်တယ်။ ဥပမာ ပြည်လမ်းဆိုမထသပဲသွား၊ ကမ္ဘာအေးဘုရား လမ်းဆို အဓိ ပတိယာဉ်လိုင်း စသည်ဖြင့်ပေါ့”ဟု ဦးမျိုးမြင့်က ဆိုပါသည်။ ထို့အပြင် လမ်းကြောင်းတစ်ခုပေါ်တွင် မထသလည်းရှိ၊ ရွှေဧည့်သည်လည်းရှိ၊ ပါရမီလည်းရှိ စသည်ဖြင့် ယာဉ် လိုင်းပေါင်းစုံနေသဖြင့် လောဘ၊ ဒေါသ၊ မောဟ များအကြား ခရီးသည်နှင့် ကားလိုင်း စပယ်ယာပြဿနာများ ဆက်လက်ပွား များနေဦးမည်ဟု ဆိုသည်။

မည်သို့ဆိုစေ ဘတ်စ်ကားပေါ်တွင်တော့ ဝန်ဆောင်မှုပိုင်းဆိုင်ရာများ၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များလိုက်နာရမည့် စည်းကမ်းချက်များ၊ ခရီးသည်များ လိုက်နာရ မည့် စည်းကမ်းများ၊ ကျေနပ်မှုမရှိပါက တိုင်တန်းနိုင်သည့် ဖုန်းနံပါတ်များစသည်ဖြင့် စာတန်းများကတော့ ဘတ်စ်ကားတိုင်းနီးပါးတွင် တွေ့မြင်ရသည်။သို့သော် ခရီး သည်နှင့် စပယ်ယာအကြား ပြဿနာများ ပျောက်ကွယ်သွားရန်တော့ဖြင့် လွယ်ကူသည့် ပြဿနာတစ်ရပ်မဖြစ်နိုင်သေးဟု ခရီးသည် အချို့ကတော့ဖြင့် သုံးသပ်ကြသည်။

ယာဉ်လိုင်းတစ် ခုမှ စပယ်ယာတစ်ဦးကတော့ ၎င်းတို့အနေ ဖြင့် အုံနာ(ယာဉ်ပိုင်ရှင်) သတ်မှတ်ထားသည့် ငွေကြေးအား ရရှိရေးအတွက် ကြိုး စားရသည်မှာတစ်မျိုး၊ ကိုယ် လိုက်သည့် ကား၏ ယာဉ်မောင်းနှင့် အဆင်ပြေအောင် နေထိုင်ရသည်မှာ တစ်မျိုး၊ ကိုယ့်အန္တရာယ် ကိုယ်ရှောင်ရသည်မှာ တစ်မျိုး၊ မော်တော်ပီကယ် (ယာဉ်ထိန်းရဲ)က တစ်မျိုး၊ ….များစွာအကြား သူတို့၏ အခက်အခဲမှာလည်း မသေးလှဟု ဆိုပါသည်။

”အဲဒီ အာရုံတွေ ခေါင်းထဲထည့်ထားတော့ ချိုချိုသာသာပြောဆိုဖို့ တစ်ခုတည်းကို ခေါင်းထဲ မထည့်ထားနိုင်တော့ဘူး”ဟု ခရီးစဉ်တစ်ခေါက်ပြီးဆုံး၍ ရရှိသည့် ငွေကြေး များကို ရေတွက်ရင်း စပယ်ယာတစ်ဦး၏ခံစားချက်များကို ရင်ဖွင့်ပြသည်။ မဇင်မေကတော့ဖြင့် မိမိတို့ဘက်မှလည်း သတ်မှတ်ထားသည့် ငွေကြေးပေးပြီး ၎င်းတို့အပိုင်းမှ လည်း ထိုက်သင့်သည့် ဝန်ဆောင်မှု ရှိရမည်ဟု ဆိုပါသည်။

”ကျွန်မ ပြောချင်တာက ဝန်ဆောင်မှုဆိုတာကလည်း အများကြီး မလိုပါဘူး။ အဓိကကတော့ ခရီးသည်တွေကို ကောင်းကောင်းမွန်မွန် ဆက်ဆံဖို့ပါပဲ။ ဒီတစ်ခု ဆိုရပါပြီ”ဟု သူမလိုချင်သည့် ခရီးသည်အပေါ်ပေးရမည့် ဝန်ဆောင်မှုကို ရိုးရှင်းစွာ အဓိပ္ပာယ်ဖွင့်ပါသည်။ ထိုနေ့အဖို့ အိမ်ပြန်နောက်ကျနေသည့် သူမတစ်နေ့တာ ပင်ပန်းမှုများ မြန် ဆန်စွာပျောက်ကွယ်ရန်အတွက် အိမ်ပြန်အနားယူချင်စိတ်တွေကို စပယ်ယာ တစ်ဦးကတော့ဖြင့် အနှောင့်အယှက်ပေးခဲ့ပြီ ဖြစ်သည်။

”နောက်ထပ် ကိုယ့်လိုပဲ။ စပယ်ယာတွေကြောင့် ဘယ်လိုခံစားချက်တွေ ရှိနေမလဲ။ ကျွန်မကတော့ ကျွန်မလိုပဲခံ စားကြနေရမယ်လို့ ထင်ပါတယ်”ဟု တစ် နေ့တာ ပင် ပန်းနေမှုနှင့် စိတ်အနှောင့် အယှက်ဖြစ်ရမှုများစုပြုံကာ စိတ်ပျက်အားလျော့သည့် လေသံဖြင့် ဆိုလိုက်ပါသည်။

အိမ်စည်စိုးစံ၊ ဇေဝေယံ၊ အောင်ဇော်ထူး

Popular Myanmar News Journal