နိုင်ငံတော်၏ အလုပ်သမားများ

ပို့စ်တင်ချိန် - 5/11/2014 06:19:00 PM



‘‘အ၀တ်လျှော် ပေးရ တယ်။ မီးပူတိုက်ပေးရတယ်။ လုံချည်တောင် လျှော်ခိုင်းတယ်။ သနပ်ခါးသွေးပေးရတယ်။ ချက်တာပြုတ်တာ၊ သန့်ရှင်းရေးကိစ္စအားလုံး လုပ်ပေးရတယ်။ နင်းနှိပ်ပေးရတယ်။ အိမ်ဖော်မဟုတ်ဘဲ အိမ်ဖော်တစ်ယောက်လို လုပ်နေရတယ်။ ဒီကြားထဲ အပြစ်မလွတ်ဘူး။ မထင်ရင် မထင်သလို အပြောအဆိုခံရပါတယ်။

ရုံးရောက်ရင်လည်း ဝေယျာဝစ္စအကုန်လုပ်ပေးရတယ်။ ရေပူရေအေး တောင်းတာပေးရတယ်။ ကော်ဖီ ဖျော်ပေးရတယ်။ ထမင်းချိုင့်ဖွင့်ပေး၊ သိမ်းပေးရတယ်’’

ဒီစကားတွေ ပြောပြတာက သာမန် အရပ်သူတစ်ယောက် မဟုတ်ဘူး။ အိမ်အကူ လုပ်သား တစ်ယောက်မဟုတ်ဘူး။ ဆယ် တန်းမအောင်၊ ဘွဲ့မရဘဲ အလုပ် ၀င်လုပ်နေတဲ့သူ မဟုတ်ဘူး။ ဆွေမျိုးတော်စပ်လို့၊ ကျေးဇူးခံ၊ ကျေးဇူးစား မကင်းရာ မကင်း ကြောင်းမို့ လုပ်ပေးနေရတဲ့သူ လည်း မဟုတ်ဘူး။ အတန်းပညာ အားဖြင့် မဟာဘွဲ့တစ်ခု ရထား တယ်။ အစိုးရရဲ့ နိုင်ငံ့ဝန်ထမ်း ရွေးချယ်လေ့ကျင့်ရေးအဖွဲ့ကနေ တိုက်ရိုက် ရွေးချယ်ခန့်ထားတဲ့ ဆရာမငယ်တစ်ဦး ဖြစ်ပါတယ်။

ကျုပ်မိတ်ဆွေ ဆရာမလေး က သူကိုယ်တိုင် ကြုံတွေ့ရတာ ကို ပြန်ပြောပြနေတာပါ။ ကျုပ် ဖြင့် အံ့ကိုသြလို့။ သူ့အထက်လူ ကြီးက အပျိုကြီးတဲ့။ နယ်မှာလာ ပြီး တာဝန်ထမ်းတာမို့ ရုံးကပေးတဲ့ လိုင်းခန်းမှာ နေတယ်လို့ဆိုပါ တယ်။ ဌာနမှာရှိတဲ့ အငယ်တန်း ၀န်ထမ်းတွေကို နိုင်ရာနိုင်ရာ ခေါ် ခေါ်ပြီး အလှည့်ကျ ခိုင်းတတ် တယ်လို့ သိရပါတယ်။ အချို့က လည်း အကျင့်ပါ အရိုးစွဲနေတဲ့ ‘‘ဖား’’စိတ်ဓာတ်နဲ့ လိုလိုလားလား လုပ်ပေးတတ်ကြတယ်လို့ ပြောပြ ပါတယ်။ မလွှဲမရှောင်သာလို့ အလုပ်အကိုင်နဲ့ ဘ၀အခြေအနေ တွေကို လာပြီးထိခိုက်ပတ်သက် မှာစိုးလို့ လုပ်ပေးကြရတာလည်း ရှိတယ်လို့ ဆိုပါတယ်။

ကျုပ်နားလည်ထားတာက အစိုးရ၀န်ထမ်းဆိုတာ ခန့်အပ် ထားတဲ့ ရာထူးအဆင့်တာဝန်နဲ့ အညီ အစိုးရရဲ့ ယန္တရားလည်ပတ် မှုမှာ ပါဝင်လုပ်ဆောင်ဖို့ ပြည်သူ ကို အလုပ်အကျွေးပြုဖို့ ဖြစ်ရပါ မယ်။ ရာထူးကြီးမြင့်သူတွေအ တွက် သီးသန့်ခန့်အပ်ထားတဲ့ ယာဉ်မောင်း၊ ထမင်းချက်၊ ဥယျာဉ်မှူးဆိုသူတွေတောင် သူတို့တာဝန်ယူရတဲ့ အရာရှိကြီးတွေ နိုင်ငံ့ တာဝန်ကို တင်းပြည့်ကျပ်ပြည့် ထမ်းရွက်နိုင်ဖို့ အထောက်အပံ့ ပေးရမှာ အဓိကဖြစ်ပါတယ်။

အရာရှိကြီးများရဲ့ ဇနီး မယား၊ သမီးသားမြေးများ ဈေးဝယ်လိုက်ပို့ဖို့၊ ကျောင်းပို့ ကျောင်းကြိုလုပ်ဖို့ ဘုရားဖူးအလှူအတန်းသွားဖို့၊ ညရေးညတာ ကိုယ်ရေးကိုယ်တာကိစ္စကအစ အချိန်မတော်လင်းအားကြီး ခေါ်တဲ့အချိန်တိုင်း ထသွားကြရတာကလည်း ၀န်ထမ်းငယ်တွေရဲ့ ဘ၀တစ်စိတ်တစ်ပိုင်း ဖြစ်နေပါတယ်။ ၀န်ထမ်းငယ်တွေခမျာ သူတို့ အထက်အဆင့်ဆင့်အရာရှိကြီးများရဲ့ ကိုယ်ရေးကိုယ်တာနဲ့ မိသားစုကိစ္စများကို တွဲဖက်ထမ်းဆောင်နေကြရတာ။ ကျုပ်တို့ပတ်ဝန်းကျင်မှာ အများကြီးတွေ့နိုင်ပါတယ်။

တချို့ ၀န်ထမ်းငယ်တွေ မှာ နိုင်ငံတော်က ခန့်အပ်ထားတဲ့ မူလတာဝန်ဝတ္တရားများကို လုံးဝ ထမ်းဆောင်စရာ မလိုတော့ဘဲ သူတို့ကို ကင်းလွတ်ခွင့် (Pass) ပေးထားတဲ့ အထက်လူကြီးအနား မှာပဲ တစ်ချိန်လုံး နေပေးကြရ တာလည်း ရှိပါတယ်။ လူကြီးဗေ ဒင်မေးသွားရင်လည်း လိုက်ပို့ရ တယ်။ တရားထိုင်သွားရင်လည်း လိုက်ပြီး စောင့်ပေးရတယ်။ ဆံပင်ညှပ်ဆိုင်၊ ဗြူတီပါလာဆိုင် သွားရင်လည်း အဖော်လိုက်ပေး ကြရတယ်။ ရုံးအားရက်မျိုးမှာ လူ ကြီးက စီးပွားရေးလုပ်ငန်းချဲ့ထွင် ဖို့၊ အိမ်ခြံမြေကွက် ၀ယ်ယူဖို့ စုံ စမ်းမေးမြန်းလှည့်လည်ရာမှာ လည်း မငြင်းဆန်နိုင်ဘဲ လိုက်ကြ ရတယ်။ ဒီလိုဖြစ်စဉ်တွေ အများ ကြီးရှိပါတယ်။

မြန်မာ့ဝန်ထမ်း အဖွဲ့အစည်းများအကြားမှာ ဌာနဆိုင်ရာ အကြီးအကဲတွေရဲ့ လုပ်ပိုင်ခွင့် တွေနဲ့အတူ လွဲမှားပြီး ဘက်လိုက်မှုရှိတဲ့ စီမံခန့်ခွဲ အုပ်ချုပ်မှုများကြောင့် နိုင်ငံတော်ရဲ့ ၀န်ဆောင်မှု၊ ထုတ်လုပ်မှုကဏ္ဍများစွာမှာ ဆုံးရှုံးမှုများစွာ ရှိနေတယ်လို့ ဆိုချင်ပါတယ်။ မြန်မာ့လူနေမှုပုံစံ အရင်းခံအကြောင်းတရားများနဲ့ အပြန်အလှန် နားလည်မှုများ၊ အပေးအယူလုပ်မှုများ။ အဂတိလိုက်မှုများ ပေါင်းစပ်လိုက်တဲ့အခါ ‘အကျင့်ပျက်ဝန်ထမ်းများ’ လို့ ဆိုနိုင်မယ့် အလွှာကြီးတစ်ခု အားကောင်းစွာ တည်ရှိနေပါတော့တယ်။

ရာထူးငယ်သည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ ၀န်ထမ်းအား လုံးသည် နိုင်ငံတော်ရဲ့ လခစား အလုပ်သမားများ ဖြစ်ပါတယ်။ အလုပ်သမားဆိုတာ ကိုယ်ယူ ထားတဲ့ အခကြေးငွေနဲ့ ညီမျှ အောင် အလုပ်လုပ်ရပါမယ်။ ပို၍ပို၍ ကောင်းအောင်၊ လုပ်နိုင်အောင်လည်း အားထုတ်နေရပါ မယ်။ ခိုမယ်၊ ကပ်မယ်၊ အခွင့်အရေးယူမယ်ဆိုရင် မသင့်တော်ပါ ဘူး။ နိုင်ငံတော်ရဲ့ အလုပ်သမားတွေထဲမှာ တောင်သူလယ်သမား တွေ၊ ကာယဉာဏလုပ်သားတွေ၊ ပုဂ္ဂလိက၊ အစိုးရ၀န်ထမ်းတွေ၊ စီမံကွပ်ကဲအုပ်ချုပ်သူတွေ အားလုံးပါပါတယ်။

လုပ်ငန်းတစ်ခုဟာ ပိုင်ရှင် က စိတ်စေတနာကောင်းရှိမယ်၊ ဖွဲ့စည်း လည်ပတ်ရပ်တည်မှု လည်း ခိုင်မာမယ်၊ အလုပ်သမား တွေကလည်း ကြိုးစားမယ်ဆိုရင် အောင်မြင်မှာ သေချာပါတယ်။ နိုင်ငံတော်ကို ပိုင်တာက အထက် မှာ ဖော်ပြခဲ့တဲ့ အလုပ်သမားတွေ အပါအ၀င် ကျုပ်တို့ပြည်သူတစ် ရပ်လုံး ဖြစ်ပါတယ်။ ဒီတော့ နိုင်ငံ တော်ရဲ့ ပိုင်ရှင်ဟာ နိုင်ငံတော်ရဲ့ အလုပ်သမားတွေပဲ ဖြစ်နေပြန် ပါတယ်။ ဒါကြောင့် ကျုပ်တို့ အားလုံးရဲ့ တာဝန်က ပိုပြီးကြီးပါ တယ်။

ယိုယွင်းချည့်နဲ့မှုများစွာကို တည့်မတ်ဖို့ ပြန်လည်အရှိန်ယူစ ပြုနေတဲ့ ကျုပ်တို့နိုင်ငံတော်ကို ဆက်လက်လည်ပတ်ခရီးနှင်ဖို့ ပိုင်ရှင်တစ်ဖြစ်လဲ ကျုပ်တို့ အ လုပ်သမားတွေ ညီညီညွတ်ညွတ် ကြိုးစားဖို့ လိုအပ်ပါတယ်။ ဒါပေ မဲ့ အလုပ်သမားဆိုတာ ထိုက်သင့် တဲ့လစာ၊ ထိုက်သင့်တဲ့ အခွင့်အ ရေးရမှ အလုပ်လုပ်ချင်စိတ်ရှိမှာ ဖြစ်ပါတယ်။ လစာနဲ့ အသုံးစရိတ် မကာမိ၊ မလုံလောက်တဲ့အခါ အ လုပ်သမားတွေက ထွက်ပေါက် ရှာတတ်ကြပါတယ်။ ရပိုင်ခွင့် တွေ၊ လုပ်ပိုင်ခွင့်တွေကို လောဘ မသတ်နိုင်တဲ့အခါ အကြီးအကဲ အသီးသီးက ထင်တိုင်းကြဲတတ် ကြပါတယ်။

ဒီဆောင်းပါး စစချင်းမှာ ကျုပ်တင်ပြခဲ့သလိုပဲ ကိုယ့်အ လုပ်ကို မလုပ်ရ၊ ကိုယ့်တာဝန်ကို မထမ်းရ၊ မိသားစုအရေးကိစ္စ ထက် ကိုယ့်အထက်က လူကြီး မင်းများရဲ့ ပိုင်စိုးပိုင်နင်း စေခိုင်း မှုများကြောင့်လည်း နစ်နာထိ ခိုက်နေရသူတွေ အများကြီးရှိပါ တယ်။ နိုင်ငံ့ဝန်ထမ်း အကြီးအကဲ တွေကလည်း အာဏာကို အလွဲ သုံးစား မလုပ်သင့်ပါဘူး။ လက် အောက်ငယ်သား အစိုးရ၀န်ထမ်း တွေကလည်း တာဝန်ကို ရှောင် လွှဲပြီး လူကြီးအနားမှာ ကပ်မနေ သင့်ပါဘူး။

တစ်လတစ်လ နိုင်ငံတော် နဲ့ ပြည်သူအတွက် ဘာမှ မလုပ် လိုက်ရဘဲ လစာမှန်မှန် ထုတ်နေ သူတွေများနေဦးမယ်ဆိုရင် ဒီမို ကရေစီနိုင်ငံတော်သစ်အတွက် အဟန့်အတားဖြစ်နေဦးမှာပါပဲ။ ကျုပ်တို့ အားလုံးဟာ တက်ညီ လက်ညီ ရုန်းကန်နေကြရမယ့် နိုင်ငံတော်ရဲ့ အလုပ်သမားတွေ ဖြစ်တယ်ဆိုတာ မမေ့ဖို့ အရေး ကြီးပါတယ် ။   ။

7day