ရွေးကောက်ပွဲကော်မရှင် နိုင်ငံရေး ပါတီ ၆၅ ခုနဲ့ တွေ့ဆုံမည်

ပို့စ်တင်ချိန် - 5/11/2014 09:47:00 AM



 ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌနဲ့ နိုင်ငံရေးပါတီ (၆၅) ပါတီတို့ ရန်ကုန်မြို့က Sky Star ဟိုတယ်မှာ မေလ (၁၅) ရက် ကြာသာပတေးနေ့ မှာ တွေ့ဆုံဖို့ ရှိတယ်လို့ ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင်ရဲ့သတင်းထုတ်ပြန်ရေးအဖွဲ့က RFA ကိုပြောပါတယ်၊

အဓိကကတော့ မြန်မာနိုင်ငံမှာ ဒီနှစ်မကုန်ခင်ကျင်းပ မယ့် ကြားဖြတ်ရွေးကောက်ပွဲနဲ့ ၂၀၁၅ မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်မယ့် နည်းဥပဒေမူကြမ်းအပေါ် နိုင်ငံရေးပါတီတွေရဲ့ သဘောထား ကို ဆွေးနွေးရယူဖို့ ဖြစ်တယ် လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ဝင် ဦးသောင်းလှိုင် က ပြောပါတယ်။

"ကျနော်တို့ဆီမှာက ရွေးကောက်ပွဲနှစ်ခုရှိတယ်လေ၊ အဲ့ဒီရွေးကောက်ပွဲတွေနဲ့ ပတ်သက်လို့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ဆိုတဲ့ရည်ရွယ်ချက်လည်းပါတယ်၊နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ရော ၊နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ရော ညီအောင်ဆိုပြီးတော့ ကျနော်တို့ နည်းဥပဒေတွေ ပြင်ဆင်ထား တာတွေရှိတယ် အဲ့မှာလုပ်ငန်းလမ်းညွှန်တို့ဘာတို့လည်း ကျနော်တို့ ပြင်ဆင်ထားတယ်၊နောက်တခါ ကျနော်တို့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးတဲ့ကိစ္စနဲ့ ပတ်သက်လို့ကိုလည်း ညွှန်ကြားချက်အသစ် ထုတ်ပြန် ဖို့ကိုစီစဉ်ထားတာရှိတယ်၊ကျနော်တို့ စီစဉ်ထားတာတွေ အားလုံးကို သက်ဆိုင်ရာ နိုင်ငံရေးပါတီတွေ ကိုလည်းကျနော်တို့က ဒီမူကြမ်းတွေကိုဖြန့်ဝေပြီးတော့ပေါ့နော် သူတို့ရဲ့သဘောထားအကြံ အဥာဏ်လေးတွေကိုလည်း ကျနော်တို့ အဲ့ဒီညှိနှိုင်းအစည်းအဝေးမှာပဲ ကျနော်တို့ ရယူသွားပြီးဆောင် ရွက်သွားဖို့ရှိပါတယ်"

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ နည်းဥပဒေမူကြမ်းထဲမှာ ရွေးကောက်ပွဲကာလအတွင်း သက်ဆိုင်ရာ မဲဆန္ဒနယ်မှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းအပြင် တခြားမဲဆွယ်ဟောပြောလိုသူရှိ ရင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဆီမှာ ခွင့်ပြုချက်တောင်းခံရမယ်ဆိုတဲ့ အချက်ပါဝင်တယ်လို့လည်း သိရပါတယ်၊ ဒါပေမယ့် ဒီအချက်အပေါ် အခုမေလ (၁၅)ရက်နေ့ နိုင်ငံရေးပါတီတွေနဲ့တွေ့ဆုံတဲ့အခါ သူတိုရဲ့ သဘောထားတွေရယူပြီး ပြန်လည်သုံးသပ်သွားမယ်လို့လည်း ဦးသောင်းလှိုင်ကပြောပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲဝင်ခွင့်မှတ်ပုံတင်ကြေးကိုလည်း အသစ်ပြင်ဆင်ရေးဆွဲထားတယ်လို့လည်းဆိုပါတယ် ။ ရွေးကောက်ပွဲတွေမှာ မဲဆန္ဒနယ်တွေအတွင်း ၀င်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတစ်ဦးသာ မဲဆွယ်ဟောပြောခွင့်ပြုမယ်လို့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက သူရဲ့ ပုသိမ်မြို့ ခရီးစဉ်အတွင်းပြောဆိုခဲ့တဲ့အပေါ် နိုင်ငံရေးပါတီတွေက ဝေဖန်ထောက်ပြနေကြတာလည်း ဖြစ်ပါတယ်။

RFA Burmese