အမေ

ပို့စ်တင်ချိန် - 5/11/2014 01:58:00 PM



ယနေ့ မေလ ၁၁ ရက်တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာအမေများနေ့တွင် ကမ္ဘာတစ်ဝန်းရှိ အနှိုင်းမဲ့မိခင်အားလုံးသို့ ဂုဏ်ပြုတင်ဆက်လိုက်ပါသည်

စက်သုံးဆီအရောင်းဆိုင်အတွင်း ၀ိုင်ယာရှော့ကြောင့် ရုတ်တရက်မီးထလောင်စဉ် ပြေးထွက်လာခဲ့သည့် မသီတာ(အမည်လွှဲ) တစ်ယောက်ဆိုင်ထဲတွင် မိခင်ဖြစ်သူ ရှိနေသေးသည်ဟူသည့် အသိကြောင့်မီးလောင်နေရာအဆောက်အအုံထဲသို့ နောက်တစ်ကြိမ်ပြေးဝင်ခဲ့သည်။ မီးလောင်နေသည့် ဆိုင်အတွင်း ထွက်ပြေးရန်ပင် သတိမရဘဲ ကြောင်၍ ရပ်နေသည့် မိခင်ကို အဆောက်အအုံအပြင်ဘက်သို့ တွန်းထုတ်ခဲ့သည်။

ထိုအချိန်မှာပင် ခါးလယ်ခန့် ရှည်သည့် မသီတာ၏ ဆံပင်နှင့် ၀တ်ထားသည့် အင်္ကျီတို့ကို မီးစွဲ ကာ လူတစ်ကိုယ်လုံးအရေပြား၏ ခုနစ်ဆယ်ရာခိုင်နှုန်းခန့်ကို မီး လောင်ခဲ့ပါသည်။ ဒဏ်ရာများ ကြောင့် အရေးပေါ်အခြေအနေ ဖြင့် ဆေးရုံသို့တက်ခဲ့ရပြီး ကုသမှု ကောင်းမွန်၍သာ အသက်ဘေးမှ လွတ်မြောက်ခဲ့ခြင်းဖြစ်ပါသည်။

 မသီတာ၏ ဖြစ်စဉ်မှာ နယ် မြို့လေးတစ်မြို့တွင် မေလ ပထ မပတ်က စက်သုံးဆီဆိုင်တစ်ဆိုင် မီးလောင်မှုဖြစ်ခြင်း၏ နောက် ကွယ်က အကြောင်းအရာတစ်ခု ဖြစ်ပါသည်။ မသီတာသည် ၎င်း ရွေးချယ်ထားသည့် ခင်ပွန်းဖြစ်သူ နှင့် သုံးနှစ်အရွယ်သမီးလေး တစ် ယောက်မွေးဖွားထားပြီး မိသားစု အတွင်းဖြစ်လေ့ရှိသည့် အိမ်တွင်း ရေးပြဿနာအချို့ကြောင့် မိဘ များက ၎င်းအားလိမ္မာရေးခြားမရှိ သူဟု သတ်မှတ်ခံထားရကာ သွေးအေးအေးဆက်ဆံခံနေရသူဖြစ် သည်။

သို့သော်မီးလောင်နေသည့် အဆောက်အအုံအတွင်း မိခင်ဖြစ် သူ ရှိနေသည်ဟု သိလိုက်ရချိန် တွင် သားသမီးက မိဘများအပေါ် ထားသည့် မေတ္တာတရား၏ စေ့ ဆော်မှုကြောင့် မီးတောက်များကို သတိမထားနိုင်တော့ဘဲ မီးတော ထဲဝင်တိုးခဲ့သည်။ မိခင်ဖြစ်သူ ဒဏ်ရာအနာတရမရဘဲ လွတ် မြောက်ခဲ့သော်လည်း ၎င်းမှာမူ မျက်နှာပြင်နှင့် ကိုယ်ခန္ဓာအနှံ့ မီးလောင်ဒဏ်ရာများရရှိခဲ့သည်။

‘‘မိဘတွေ ဘယ်လိုပဲ အထင် လွဲခဲ့၊ လွဲခဲ့၊ အမေ့အသက်ကို ကယ်ဖို့အရေး လုပ်ရပ်နဲ့သက်သေပြနိုင်တဲ့အတွက် ဒီတစ်သက်မှာ သေပျော်ပါပြီ’’ဟု မသီတာက ဆိုပါသည်။

လူငယ်သဘာဝအတိုင်း မိမိ ကိုယ်ကိုယ်စိတ်ကြီးဝင်နေသည့် လူငယ်၊လူရွယ်တိုင်းနှင့် မွေးကင်း စမှသည် ပညာစုံလူလားမြောက် သည်အထိ ရုန်းကန်ကျွေးမွေးခဲ့ သည့် မိဘများအကြား မျှော်လင့် မထားသည့် အထင်အမြင်လွဲမှား မှုအချို့မိသားစုတိုင်းတွင် ရှိတတ်ပါသည်။ ဖခင်ဖြစ်သူက မိသားစုတစ်ခုလုံး၏ စားဝတ်နေရေးအတွက် ကိုယ်တိုင်ရုန်းကန်နေရပြီး သားသမီးများနှင့် ထိပ်တိုက်တွေ့မှုနည်းပါးသော်လည်း ယင်းပြဿနာကို အမြဲတစေဖြေရှင်းပေးနေရသူမှာ မိခင်များပင်ဖြစ်သည်။

ရောက်ရှိနေသည့် အသက် အရွယ်နှင့် စိတ်အပိုင်းအခြားပေါ် မူတည်၍ ခံစားမှုကို ဦးစားပေး ကာ မိဘများအပေါ် အထင်အမြင် လွဲပြီး မိသားစုအတွင်း ဆက်ဆံ ရေးအေးစက်နေသည့် မိသားစု များ လူ့အသိုင်းအ၀ိုင်းအတွင်း မည်မျှများနေပြီလဲ။ ဆင်ခြင်တုံ တရားဖြင့် ပြင်ဆင်ခွင့်ရှိသည့် ယင်းအခြေအနေကို အချိန်မ ဆိုင်းဘဲ ပြင်ဆင်သင့်ပါသည်။

‘‘အမေ့ကို စိတ်ဆိုးပြီး အိမ် ကနေ ထွက်လာခဲ့တာ အခုဆိုရင် သုံးနှစ်ပြည့်ပြီ။ အခုအချိန် အရာ ရာအဆင်ပြေလို့ စောင့်ရှောက် ခွင့်ရချင်လို့တောင် အခွင့်အရေး မရှိတော့ပါဘူး။ ဘ၀မှာ နောင်တ အရဆုံးကတော့ အမေ့ကို ပြုစု ခွင့်မရခဲ့တာဘဲ’’ဟု ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှ မြန်မာရွှေ့ပြောင်းအ လုပ်သမား ကိုဝေယံကပြောပါ သည်။

ကိုဝေယံသည် မိခင်ကို စိတ် ဆိုးကာ ၂၀၁၁ ခုနှစ်က နေအိမ်မှ ဆင်းကာ ထိုင်းနိုင်ငံသို့ တရားမ ၀င်ခိုးဝင်လာခဲ့သူဖြစ်သည်။ ထိုင်း နိုင်ငံတွင် ရရာအလုပ်လုပ်ကိုင်နေစဉ် မြန်မာနိုင်ငံရှိ အသက် (၇၀) အ ရွယ် မိခင်ဖြစ်သူမှာ လူကြီးရောဂါ ဖြင့် သေဆုံးသွားခဲ့သည်။ ပြုစု ခွင့်မရဘဲ အမေဖြစ်သူသေဆုံး သွားခြင်းသည် ၎င်းအား အမြဲတ စေခြောက်လှန့်နေသည့် အိပ်မက် ဆိုးဖြစ်ကြောင်း ကိုဝေယံကဆို သည်။

      ‘‘သားကို မွေးခဲ့တဲ့အချိန်တုန်းက သေမတတ်နာကျင်ခဲ့ပေမယ့် သူလေးရဲ့ ငိုသံကြားလိုက်ရတဲ့အချိန်မှာ ငါက မိခင်တစ်ယောက်ဖြစ်သွားပြီဆိုတဲ့ အသိက နာကျင်မှုတွေအားလုံး မေ့သွားစေတယ်။ အခုအချိန်မှာတော့ အဖေနဲ့သားကြားဗျာများနေရတဲ့  အနေအထားကို ရောက်နေပြီ။ လူငယ်နဲ့ လူကြီး၊ အမှန်နဲ့အမှား ကြားမှာ အမေတွေက အရမ်းပင်ပန်းရပါတယ်’’ဟု အသက် (၁၆) နှစ်အရွယ် လူပျိုပေါက်အသားကို ထိန်းကျောင်းနေသူ ကမာရွတ်မြို့နယ်၊လှည်းတန်း (၇) လမ်းမှ ဒေါ်အေးအေးလှိုင်ကပြောသည်။

မိဘနှင့် သားသမီးကြား နှစ် ကာလများစွာ အထင်အမြင်လွဲခဲ့ ပြီး မိခင်ဖြစ်သူ မီးလောင်ပြင်ထဲ ရောက်ကာ ၀င်ကယ်သည့် သမီး ဖြစ်သူ  သေရာပါဒဏ်ရာရခါမှ နားလည်မှုရခဲ့သည့်အဖြစ်မျိုး မည်သူမျှ မကြုံစေလိုကြောင်း မသီ တာကပြောပါသည်။ မသီတာ တွင် သုံးနှစ်အရွယ် သမီးလေး တစ်ယောက်ရှိပြီး မီးလောင်ဒဏ် ရာများရခဲ့သည့် မျက်နှာအား သမီးဖြစ်သူ မမှတ်မိမည်ကို စိုးရိမ်စိတ် ဖြင့် အတွေ့မခံခဲ့ပေ။

 သို့သော်မိခင်အသက်ကို ကယ်ခဲ့သည့် မသီတာအား ကံကြ မ္မာက မျက်နှာသာပေးခဲ့ပါသည်။ မီးလောင်ဒဏ်ရာရခြင်းက မျက်နှာကို မမှတ်မိလောင်အောင် ဒဏ် ရာ အခြေအနေဆိုးရွားခဲ့သော်လည်း  တစ်ပတ်ခန့်အကြာတွင် မျက်နှာမှ အနာဖေးများကွာကျကာ မူလနီးပါးမျက်နှာအနေအထားကို ပြန်ရခဲ့သည်။

‘‘ကိုယ့်ကိုယ်ကိုယ်လည်း အံ့ သြရပါတယ်။ ပျက်သွားပြီထင်တဲ့ မျက်နှာက အချိန်တိုအတွင်း မူလ နီးပါးပြန်ကောင်းခဲ့တယ်။ ငါ့ဘ၀ ကတော့ ဆုံးပါပြီဆိုတဲ့အတွေးနဲ့ ဆေးရုံပေါ်မှာ နေ့တိုင်းငိုခဲ့ရတာ။ အခုလိုပြန်ကောင်းလာတာက အမေ့အပေါ် ကိုယ့်ရဲ့ ပေးဆပ်နိုင် မှုနဲ့ အမေက ပြန်ပို့ပေးတဲ့ မေတ္တာ တရားတွေကြောင့်လို့ ယုံကြည်ပါ တယ်’’ဟု မသီတာက ပြောပါ သည်။

နောင်တဟူသည် နောင်မှရ သည်ဟု အပ်ကြောင်းထပ်အောင် ပြောဆိုနေသော်ငြား မွေးမိခင်နှင့် ဖခင်အတွက်မူ အချိန်လွန်မှ နောင်တမရသင့်ကြောင်း မိဘ ကျေးဇူးတရားများ ဟောကြား လေ့ရှိသည့် ဆရာတော်ဦးပညာ ၀ရက မိန့်ကြားပါသည်။ မိဘများ သက်ရှိထင်ရှားရှိနေချိန်တွင်  ပြုစုစောင့်ရှောက်မှုပေးခြင်းက ဘုရားရှင်ကို မျက်မြင်ကိုယ်တွေ့ ဖူးမြော်ရသည်ထက် ကုသိုလ်ထူး ကြောင်း ဘာသာတရားအဆုံး အမေနှင့် ခိုင်းနှိုင်း၍ ဆရာတော်က မိန့်ပါသည်။

‘‘ကိုယ့်ကို အထောက်အပံ့ မပေးနိုင်ဘူးဆိုဦးတော့ လူစဉ်မီ အောင် မွေးပေးထားတာကိုက မိခင်မေတ္တာပါပဲ။ ကိုယ်ဝန်လွယ် စဉ်မှာ အနေအထိုင်ဆင်ခြေပေး ခဲ့တာကိုက မေတ္တာပါပဲ။ မိဘ မေတ္တာဆိုတာ ဘယ်တော့မှကို ညွှန်းမကုန်နိုင်တဲ့ အရာပါ’’ဟု မိဖများ အိမ်ထောင်ကွဲသွားပြီး နောက် မိခင်နှင့် နှစ်ဦးတည်းနေ ထိုင်သူ အသက် (၂၃) နှစ်အရွယ် မဆုမီကပြောပါသည်။

ယနေ့သည် နိုင်ငံတကာမှ တရားဝင်သတ်မှတ်ထားသည့် အပြည်ပြည်ဆိုင်ရာမိခင်များနေ့ (International Mother's Day) ဖြစ်ပါသည်။ မြန်မာနိုင်ငံက တရားဝင်သတ်မှတ်ထားသည့် အမေများနေ့မှာ ပြာသိုလပြည့်နေ့ဖြစ်သော်လည်း နိုင်ငံတကာတွင်မူ နှစ်စဉ်မေလ၏ ဒုတိယပတ် တနင်္ဂနွေနေ့ကို အပြည်ပြည်ဆိုင်ရာမိခင်များနေ့အဖြစ် သတ်မှတ်ထားပါသည်။

သား၊ သမီးအတွက် ရိုးသား ပြီး ရဲရင့်သည့် မိခင်ကို ကိုယ်စား ပြုထားသော အနီရောင်နှင်းဆီ ပန်းများဖြင့် အမေကို တန်ဖိုးထားသူများစုပေါင်း၍ ကျင်းပမည့်အပြည်ပြည်ဆိုင်ရာ မိခင်များနေ့အခမ်းအနားများကို ကမ္ဘာကြီးပေါ်ရှိ နိုင်ငံအများစုတွင် ယခုအချိန် ကျင်းပနေပါလိမ့်မည်။

အင်္ဂလိပ်စာ သင်တန်းဖွင့်၍ ကလေးငယ်များအား သင်ပြပေး နေသူ မမေမျိုးဟန်ကတော့ အ ပြည်ပြည်ဆိုင်ရာ မိခင်များနေ့တွင်ကိုးကွယ်ရာဘာသာတရား၏ အဆုံးအမအတိုင်း သောက် တော်ရေအိုးထဲမှ ရေကိုယူကာ အမေ့အား လက်ဆောင်အဖြစ်ပေး၍ ဘုရားရှင်ကို သောက်တော်ရေကပ်စေခြင်းဖြင့် အမေ့ကျေးဇူးဆပ်ကုသိုလ်ယူရန် ကလေးများအား သင်ကြားလိုက်ကြောင်း ပြောပါသည်။

‘‘ဝေးချင်သလောက် ဝေးပါ စေ။ မိသားစုလိုက်အိပ်နေတဲ့ ခုတင်အပြင်ဘက်ရောက်အောင် တော့ မဝေးပါစေနဲ့’’ဟု တစ်အိမ် တည်းအတူနေထိုင်ကာ ပြဿနာ အချို့ကို အခြေခံ၍ နားလည်မှု ချင်းလွဲနေသည့် မောင်နှင့် နှမ၊ သားနှင့် အမိကြား ချစ်ချစ်ခင်ခင် နေသင့်သည့် အခြေအနေကို စာ ရေးဆရာတို့က ညွှန်းဆိုကြပါ သည်။

 မိခင်မေတ္တာကို ညွှန်းဆို သည့် စာအုပ်အများဆုံးရေးနေသည့် စာရေးဆရာမ နိုင်းနိုင်း စနေက ‘‘ငယ်ရွယ်ချိန်မှာ ကိုယ့် လက်ကို တွဲခဲ့တဲ့ မိခင်ကို သူတို့ အိုမင်းလို့ မသွားမလာနိုင်တဲ့အခါ မှာလည်း သူတို့ရဲ့ လက်ကိုတွဲနိုင် ကြပါစေ။ အမေ့အပေါ် ကျွန်မတို့ နွဲ့ဆိုးဆိုးခဲ့ဖူးသလို စိတ်တို၊စိတ် ကောက်ချိန်၊ အမေနဲ့ ခွန်းကြီး ခွန်းငယ်ပြန်အော်ငေါက်ချိန်လည်းရှိဖူးကြပါလိမ့်မယ်။ ကျွန်မတို့ဘယ်လိုဆိုးဆိုး အမေကတော့ အပြုံးမပျက်၊ မေတ္တာမလျော့ဘဲ ကျွန်မတို့ကိုချစ်ခဲ့ပါတယ်’’ဟု ဆို ပါသည်။

မိခင်ကို မီးလောင်ပြင်ထဲမှ ကယ်ထုတ်နိုင်ခဲ့သည်ဟု မိမိ ကိုယ်မိမိယုံကြည်ထားသည့် မသီတာကတော့ မျက်နှာနှင့် ကိုယ်ခန္ဓာအနှံ့ရခဲ့သည့် ဒဏ်ရာများကို ဆေးရုံတွင် ကုသနေရင်း မွေးမိခင်ကျေးဇူးကိုဆပ်ဖူးပြီဟူသောအသိဖြင့် သုံးနှစ်အရွယ် သမီးလေးကို ရင်ခွင်ပိုက်ထားရင်း ပြုံးရွှင်နေပါသည်။

7day daily