နတ်တလင်းမြို့ ဘာသာမတူသူ ရည်းစား (ကောင်လေး) အားအိမ်လည်ခေါ်သူ၏ နေအိမ်ကိုဖျက်ဆီးခဲ့သူများကို တရားရုံးထုတ်

ပို့စ်တင်ချိန် - 5/11/2014 01:13:00 PM


photo-mizzima


ပြည်၊ မေ ၁၀

ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း သာယာဝတီခရိုင် နတ်တလင်းမြို့တွင် သင်္ကြန်ကာလတွင်းက ဖြစ်ပွားခဲ့သည့် ဘာသာရေး အသွင်ဆောင်သည့် ပဋိပက္ခတွင် နေအိမ် ဖျက်ဆီးခဲ့သူ ကိုးဦးကို မေလ ၉ ရက်နေ့က တရားရုံးထုတ် စစ်ဆေးခဲ့ကြောင်း နတ်တလင်းမြို့နယ် တောင်ညိုမြို့သစ် ရဲစခန်းထံမှ သိရှိရသည်။

အဆိုပါ ကိုးဦးကို ဧပြီလ ၂၅ ရက်နေ့က ဖမ်းဆီးခဲ့ပြီး ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၄၃/ ၁၄၇၊ ၄၂၇ နှင့် ၄၅၇ တို့ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကာ ပေါင်းတည် အကျဉ်းထောင်တွင် ချုပ်နှောင်ထားပြီး မေလ ၉ ရက်နေ့ ရုံးချိန်းတွင် ပထမဆုံး တရားစွဲတင်ခြင်း ဖြစ်သည်။

“ပေါင်းတည် ထောင်ကနေ တရားရုံး ထုတ်တယ်။ ရုံးချိန်းမှာ ဘုန်းကြီးခြောက်ပါး လိုက်လာတယ်။ ရွာသားတွေလည်း ပါတယ်။ လူတွေက တော်တော်များတယ်” ဟု ရုံးချိန်းကို သွားရောက်ကြည့်ရှုသူ ဒေသခံ ဦးမောင်မောင်မြင့်က ပြောဆိုသည်။

ဧပြီ ၁၅ ရက်နေ့ ညပိုင်းက နတ်တလင်းမြို့နေ အစ္စလာမ် ဘာသာဝင် လူငယ်က တောင်ညိုမြို့သစ် ကံစုကျေးရွာနေ ၎င်းချစ်သူ နေအိမ်သို့ သွားရောက် ချိန်းတွေ့စဉ် ဒေသခံ ရွာသားများက မကျေနပ်ရာ အမျိုးသမီး နေအိမ်ကို ခဲဖြင့် ပစ်ပေါက် ဖျက်ဆီးခဲ့ကြပြီး လူငယ်၏ မိတ်ဆွေ နေအိမ်သုံးလုံး ထပ်မံ၍ ဖျက်ဆီးခံရခြင်း ဖြစ်ကြောင်း နတ်တလင်းမြို့ ဒေသခံများက ဆိုသည်။

မြို့နယ် အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ ဦးနန္ဒမာလာက “မိဘဘက်က သဘောတူလို့ ပေးစားရင်လည်း မိန်းကလေး စိတ်သဘောမပါဘဲ အခြားဘာသာထဲကို မတရား ဆွဲမသွင်းဖို့၊ ကွဲကွာခဲ့ရင်လည်း ပေးသင့် ပေးထိုက်တာ မျိုးတွေကို ပေးဖို့ ဦးပဉ္စင်းတို့က ဆွေးနွေး ညှိနှိုင်းခဲ့တယ်။ ကျန်တဲ့ ဒကာတွေကိုလည်း ဥပဒေ ရှိတဲ့အတွက် အကြမ်းမဖက်ဖို့လည်း မှာရတယ်” ဟု မိန့်သည်။

ဖမ်းဆီးထားသူများ၏ တရားရုံးချိန်းနဲ့ ပတ်သက်ပြီး တောင်ညိုရဲစခန်း၊ နတ်တလင်းမြို့နယ် ရဲတပ်ဖွဲ့၊ နတ်တလင်း မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ အကြိမ်ကြိမ် ဖုန်းဆက် မေးမြန်းသော်လည်း လက်ခံ ဖြေကြားခဲ့ခြင်း မရှိခဲ့ပေ။

The Voice Weekly