နိုင်ငံတကာဘဏ်များ လုပ်ငန်းအပြည့်အ၀ လုပ်ဆောင်ခွင့် မရသေးသဖြင့် ပြည်တွင်းအသေးစားနှင့် အလတ်စားလုပ်ငန်းများ ချေးငွေ အခက်တွေ့နေ

ပို့စ်တင်ချိန် - 5/11/2014 09:59:00 AM

ရန်ကုန်မြို့၌ ဖွင့်လှစ်ထားသည့် နိုင်ငံခြားဘဏ် ကိုယ်စားလှယ်ရုံးတစ်ခုကို တွေ့ရစဉ်

ပြည်တွင်းတွင် နိုင်ငံတကာဘဏ်များအနေနှင့် ကိုယ်စားလှယ်ရုံးခန်းများ လာရောက်ဖွင့်လှစ်ခွင့် ပြုထားသော်လည်း ဘဏ်လုပ်ငန်းများ အပြည့်အဝလုပ်ကိုင်ခွင့် မပြုသေးသဖြင့် ပြည်တွင်းရှိ အသေးစားနှင့် အလတ်စားလုပ်ငန်းရှင်များအနေနှင့် အခက်အခဲများ ရင်ဆိုင်နေရကြောင်း အဆိုပါအသိုင်းအဝိုင်းမှ သိရသည်။

၎င်းတို့အနေနှင့် ပြည်ပနှင့် ငွေကြေးချိတ်ဆက် လုပ်ကိုင်ရမည့် လုပ်ငန်းများတွင် ငွေကြေးပိုမိုကုန်ကျပြီး လုပ်ငန်းကြန့်ကြာမှုများနှင့် ရင်ဆိုင်နေရသလို ချေးငွေရရှိရန် အခက်တွေ့နေရကြောင်း အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်အချို့က သုံးသပ်သည်။

“ ပြည်တွင်းက ဘဏ်တွေက ပြည်သူပြည်သားတွေအတွက် အလုပ်မဖြစ်တာတွေ အများကြီးဖြစ်နေပါတယ်။ ပြည်သူတွေကတော့ ဘယ်ဘဏ်ပဲလာလာ အဆင်ပြေတဲ့ဝန်ဆောင်မှုရှိရင် သုံးမှာပဲ။ အခုက လုပ်ငန်းချဲ့ထွင်ဖို့ ငွေချေးချင်ရင်လည်း မလွယ်သလို၊ အတိုးကလည်း ကြီးတော့ လုပ်ငန်းစလုပ်ချင်တဲ့ လူငယ်စွန့်ဦးတီတွင်သမားတွေကို ဆွဲချနေသလိုပါပဲ။ နောက်ပြီး ဖေ့စ်ဘုတ်လို လူမှုကွန်ရက်မှာ လုပ်ငန်းတွေကြော်ငြာချင်ရင် ငွေသွင်းတာကအစ ပြည်ပကနေတစ်ဆင့် သွင်းမှရတယ်။ လုပ်ငန်းတွေ ကြန့်ကြာနေရတယ်” ဟု ကိုယ်ပိုင်လုပ်ငန်း စတင်လုပ်ကိုင်နေသည့် လူငယ်တစ်ဦးက ဆိုသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံထဲသို့ နိုင်ငံအသီးသီးမှ နိုင်ငံတကာဘဏ်ကြီးအချို့ က ကိုယ်စားလှယ်ရုံးခန်းများ လာရောက်ဖွင့်လှစ်ထားပြီး ဖြစ်သည်။

“ပြည်ပဘဏ်တွေကို ဘယ်အချိန် လုပ်ငန်းအပြည့်အဝ လုပ်ကိုင်ခွင့်ပေးမယ်ဆိုတာကိုတော့ အစိုးရရဲ့ဆုံးဖြတ်ချက်အပိုင်းဖြစ်နေတော့ ပြောဖို့ခက်ပါတယ်။ ဒါပေမဲ့ သက်ဆိုင်ရာပုဂ္ဂိုလ်များ အချင်းချင်းဆွေးနွေးပြီး ဒီကိစ္စကို လိုက်လျောပေးဖို့က အရေးကြီးတယ်လို့ ထင်ပါတယ်”ဟု ဂျပန်နိုင်ငံမှ ဘဏ်ကြီးဖြစ်သည့် မီဇူဟိုဘဏ်မှ ရန်ကုန်ရုံးခွဲ ကိုယ်စားလှယ်ချုပ် မစ္စတာတက်ဆုရိုနိုနာကာက ပြောကြားသည်။

၎င်းတို့အနေနှင့် ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်မရရှိသေးသဖြင့် ဂျပန်နိုင်ငံမှ ရင်းနှီးမြှပ်နှံမှုများ ဝင်ရောက်လာရန် နှောင့်နှေးမှုများဖြစ်ပေါ်မည်ကို စိုးရိမ်မိကြောင်း ပြောကြားသည်။

“ဂျပန်လုပ်ငန်းရှင်တွေက နိုင်ငံခြားငွေကြေး ချေးငွေတွေ ချေးယူဖို့ လိုအပ်နိုင်တာမို့ ကျွန်တော်တို့ ဘဏ်လုပ်ငန်းတွေ လုပ်ဆောင်ဖို့ ကြန့်ကြာနေတာဟာ ဂျပန်ရင်းနှီးမြှပ်နှံမှုတွေကို ကြန့်ကြာစေမှာကို စိုးရိမ်မိပါတယ်”ဟု မစ္စတာနိုနာကာက ဆက်လက်ပြောကြားခဲ့သည်။

ဒေသတွင်းနိုင်ငံကြီးတစ်ခုမှာ လာရောက်ဖွင့်လှစ်ထားသည့် ဘဏ်တစ်ခုမှ အရာရှိတစ်ဦးက “ပြည်ပဘဏ်တွေက ပြည်တွင်းဘဏ်တွေကို တိုက်ရိုက်ယှဉ်ပြိုင်မှာ မဟုတ်ဘဲ မြန်မာနိုင်ငံရဲ့ ဘဏ်စနစ်ကို ပိုကောင်းမွန်အောင် ကူညီပေးနိုင်မှာပါ။ ပြည်ပဘဏ်တွေကို လုပ်ပိုင်ခွင့် အပြည့်မပေးတဲ့ကိစ္စဟာ မြန်မာနိုင်ငံအတွက် အကောင်းထက် အဆိုးကများစေပါတယ်”ဟု ပြောကြားခဲ့သည်။

Eleven Media Group