မြေနီကုန်းခုံးကျော်တံတား တည်ဆောက်ခွင့်အတွက် ပုဂ္ဂလိကကုမ္ပဏီများအား မကြာမီ တင်ဒါခေါ်မည်

ပို့စ်တင်ချိန် - 5/11/2014 01:14:00 PM

မြေနီကုန်းလမ်းဆုံအား တွေ့ရစဉ်(ဓာတ်ပုံ-အောင်မျိုးသန့်)

မြေနီကုန်း ခုံးကျော်တံတား တည်ဆောက်ခွင့်အတွက် ပုဂ္ဂလိကကုမ္ပဏီများအား မကြာမီတင်ဒါခေါ်ယူမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

စမ်းချောင်းမြို့နယ် မြေနီကုန်းလမ်းဆုံတွင် ယာဉ်ကြောပိတ်ဆို့မှုကြောင့် ခုံးကျော်တံတား  တည်ဆောက်ခြင်းလုပ်ငန်းကို  ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အထူးစီမံကိန်း လုပ်ငန်းတစ်ခုအနေဖြင့် တည်ဆောက်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ တည်ဆောက်နိုင်ရန်အတွက် မြေနီကုန်းလမ်းဆုံတွင် ယာဉ်သွားလာမှုဆိုင်ရာ အကြိုစစ်တမ်းများကောက်ယူခြင်း၊ လေ့လာမှုများကို ပြုလုပ်လျက်ရှိကြောင်း သိရသည်။

“မြေနီကုန်း ခုံးကျော်တံတားကို အခုဘဏ္ဍာနှစ်မှာ စဆောက်မှာပါ။ အဲဒီအတွက် ဘဏ္ဍာငွေကိုလည်း ထည့်သွင်းတောင်းခံထားပါတယ်။ မကြာမီ ဆောက်လုပ်မယ့် ကုမ္ပဏီကို  တင်ဒါခေါ်သွားမှာပါ” ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြေနီကုန်း ခုံးကျော်တံတားစီမံကိန်းအတွက် ကျပ် ၁၆ ဒသမ ၉၂၈ ဘီလျံ အသုံးပြုမည်ဖြစ်ပြီး လှည်းတန်းခုံးကျော်တံတားအတွက် ၁၄ ဒသမ ၄၈၇ ဘီလျံ၊ ရွှေဂုံတိုင် ခုံးကျော်တံတားအတွက် ၁၃ ဒသမ ၃၈ဝ ဘီလျံ နှင့် ဘုရင့်နောင် ခုံးကျော်တံတားနှစ်စင်း(ဘုရင့်နောင်လမ်းနှင့် သမိုင်းဘူတာရုံလမ်းပေါ်တို့တွင် တစ်စင်းစီ)အတွက် ၂၁ ဒသမ ၇၄၇ ဘီလျံ တို့ကို သုံးစွဲခဲ့ကြောင်း  သိရသည်။

ရန်ကုန်မြို့တော်တွင် ယာဉ်ကြောပိတ်ဆို့မှုများကို ကုစားနိုင်ရန်အတွက် ယာဉ်ကြောပိတ်ဆို့မှု အများဆုံးလမ်းဆုံများဖြစ်သည့် လှည်တန်း၊ ရွှေဂုံတိုင်နှင့် ဘုရင့်နောင်လမ်းဆုံတို့တွင် ခုံးကျော်တံတားများ ဆောက်လုပ်ရန်စီစဉ်ခဲ့ပြီး ပုဂ္ဂလိကကုမ္ပဏီများကို တာဝန်ပေး ဆောက်လုပ်စေခဲ့ကြောင်း၊ လှည်းတန်းခုံးကျော်တံတားကို ရွှေတောင်ကုမ္ပဏီက တာဝန်ယူ၍ ၂ဝ၁၂ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်ဆောက်လုပ်ခဲ့ရာ ၂ဝ၁၃ ဧပြီ ၁ဝ ရက် တွင် စတင်အသုံးပြုခွင့်ပေးခဲ့ကြောင်း၊ ဘုရင့်နောင်ခုံးကျော်တံတား နှစ်စင်းကို FMIကုမ္ပဏီ က ၂ဝ၁၂ ခုနှစ် ဇွန်လတွင် စတင်ဆောက်လုပ်ခဲ့ရာ ၂ဝ၁၃ နှစ်ကုန်ပိုင်းတွင် အသုံးပြုခွင့်ပေးခဲ့ပြီး ရွှေဂုံတိုင်ခုံးကျော်တံတားကိုလည်း Capital Development ကုမ္ပဏီက ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်တွင် စတင်ဆောက်လုပ်ခဲ့ပြီး ၂ဝ၁၃ ဒီဇင်ဘာလတွင် စတင်အသုံးပြုခွင့် ပေးခဲ့သည်။

မြေနီကုန်း ခုံးကျော်တံတားကို မည်သည့်အချိန်အတိုင်းအတာအတွင်း အပြီးဆောက်လုပ်မည်ဆိုသည်ကိုမူ ထုတ်ပြန်ခြင်း မရှိသေးပေ။

ကျော်ထင်
eleven media group