ကြံတိုင်းအောင်ခရီးသည်တင်ကား ရခိုင်တွင် တိမ်းမှောက်၍ ၁၅ ဦး ဒဏ်ရာရ

ပို့စ်တင်ချိန် - 5/11/2014 12:40:00 PM


(နိရဉ္စရာ- ၁၁ မေလ ၂၀၁၄)

Car-over-turn
(ဓါတ်ပုံ- ကိုဇော်-မင်းပြား)

စစ်တွေမှ ရန်ကုန်သို့ အသွား ကြံတိုင်းအောင် ခရီးသည်တင် ဘတ်စ်ကား မင်းပြား အနီး တိမ်းမှောက်ရာမှ ခရီးသည် ၁၅ ဦးခန့် ဒဏ်ရာရရှိသွားခဲ့ကြောင်း သတင်း ရရှိသည်။

“ စုစုပေါင်း ၁၅ ဦး ဒဏ်ရာ ရပါတယ်။ ၁၃ ဦးကတော့ မနေ့က မင်းပြားကနေ စစ်တွေ ဆေးရုံကြီးကို ယူလာပါတယ်။ နှစ်ဦးကတော့ ဒဏ်ရာ မပြင်းထန်တဲ့ အတွက် မင်းပြားမြို့ဆေးရုံမှာကျန်နေခဲ့ပါတယ်” ဟု စစ်တွေသွေးလှူရှင်များအသင်းမှ ကိုမောင်မောင်က နိရဉ္စရာသို့ အတည်ပြု ပြောကြားသည်။

စစ်တွေသို့ ယူဆောင်လာသော ဒဏ်ရာရသူ ၁၃ ဦးတွင် ၃ ဦးခန့်မှာ ဒဏ်ရာပြင်းထန်သော်လည်း စိုးရိမ်ရသည့် အနေအထားတွင် မရှိကြောင်း  ကိုမောင်မောင်က ဆက်ပြောသည်။

ဒဏ်ရာရသူများအား မင်းပြားမြို့ရခိုင်လူမှု ကွန်ရက် အမှုဆောင် ဦးခင်ဇော်ဝင်းမှ ရွှေပြည်တန် ရှပ်ပြေးအမြန်မော်တော် ရေယာဉ်ဖြင့် စစ်တွေမြို့သို့ပို့ဆောင်ပေးခဲ့ပြီး ကြံတိုင်းအောင် ခရီးသည်တင် ယာဉ်လိုင်းတာ ၀န်ရှိသူများမှလည်း လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။

ကြံတိုင်းအောင် ခရီးသည်တင်ဘတ်စ်ကားသည် မေလ ၉ ရက်နေ့ နံနက် (၁၁) နာရီ အချိန်တွင် မင်းပြားမြို့နယ် နရမ်းရွာ အနီး  မိုင်တိုင်အမှတ် (၉၄) အနီးတွင် ယာဉ်မောင်းအကူ ဦးညီညီဇော် မောင်းနှင်လာစဉ် တိမ်းမှောက်သွားခဲ့သည်။

ယာဉ်တိမ်းမှောက်စဉ် ကားပေါ်တွင် ခရီးသည် ၄၀ နီးပါးခန့် ပါလာသည်ဟု သိရသည်။

Narinjara