ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားနေသော တရုတ်နိုင်ငံမှ တရားမ၀င်အေးခဲ ကြက်သား တစ်ရက်လျှင် ၁၀ တန်ခန့် ၀င်ရောက်လျက်ရှိပြီး စားသုံးရန်သင့် မသင့် စစ်ဆေးခြင်းမရှိ

ပို့စ်တင်ချိန် - 5/11/2014 12:41:00 PM




ဖမ်းဆီးရမိသော အေးခဲအသားများအား နောင်ချို စစ်ဆေးရေးဂိတ်အနီးတွင် မီးရှို့ဖျက်ဆီးနေစဉ်
မန္တလေးမြို့အတွင်းသို့ ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားနေသော တရုတ်နိုင်ငံမှ တရားမဝင် အေးခဲကြက်သားများ တစ်ရက်လျှင် ခြောက်တန်မှ ၁ဝ တန်အတွင်း နေ့စဉ် ဝင်ရောက်လျက်ရှိနေသော်လည်း သက်ဆိုင်ရာအဖွဲ့အစည်းများမှ စားသုံးရန်သင့်၊ မသင့် စစ်ဆေးခြင်းများ ပြုလုပ်မှုမရှိကြောင်း စုံစမ်းသိရသည်။

တရုတ်နိုင်ငံတွင် လက်ရှိအချိန်၌ H7N9 ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားလျက်ရှိရာ မန္တလေးမြို့အတွင်း ဝင်ရောက်လာရာလမ်းကြောင်းတစ်လျှောက်ရှိ မွေးမြူရေးခြံများတွင် ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်နိုင်သည့် အခွင့်အလမ်းများစွာရှိနေကြောင်း၊ ဈေးကွက်အတွင်း ရောင်းချနေသည့် အေးခဲ ကြက်သားများကို စစ်ဆေးမှုများမရှိသောကြောင့် စားသုံးသူများအတွက် ဘေးအန္တရာယ်ကင်းရှင်းရေးမှာ ခြိမ်းခြောက်လျက်ရှိကြောင်း သိရသည်။

“တရုတ်ဘက်ကနေ နယ်စပ်ဂိတ်တွေကို ဖြတ်ကျော်ပြီး တရားမဝင် အေးခဲကြက်သားနဲ့ ကြက်ဥ ဝင်ရောက်မှုတွေရှိနေခဲ့တာ ကြာပါပြီ။ လက်ရှိအချိန်မှာ ပြည်တွင်းဈေးကွက်အတွင်း ကြက်သားဈေး တက်နေတာကြောင့် ဈေးကွက်ရှိတဲ့အတွက် ပိုဝင်နေသလို ဖြစ်နေတယ်။ နယ်စပ်ဂိတ်တွေကို ဖြတ်ကျော်ပြီး မန္တလေးမြို့တွင်းကို ရောက်လာပြီဖြစ်တဲ့အတွက် တာဝန်ရှိသူတွေအနေနဲ့ ဝင်ရောက်မှုကို မတားဆီးနိုင်ရင်တောင် ဈေးကွက်ထဲကို ဖြန့်ဖြူးရောင်းချမှုပြုလုပ်နေတဲ့ အအေးခန်းတွေမှာ ရှောင်တခင်စစ်ဆေးတာပဲဖြစ်ဖြစ်၊ ပုံမှန်စစ်ဆေးတာပဲဖြစ်ဖြစ် စားသုံးရန် သင့် မသင့်ကို စစ်ဆေးမှုတွေ ပြုလုပ်သင့်ပါတယ်”ဟု ကြက်ဥ၊ ကြက်သားမွေးမြူထုတ်လုပ်ရောင်းချသူများအသင်းမှ ဒေါက်တာကျော်ထင်က ပြောကြားသည်။

ဆက်လက်ပြီး ဒေါက်တာကျော်ထင်က “လက်ရှိအချိန်ထိ စစ်ဆေးမှုမရှိဘဲ ဒီအတိုင်းဈေးကွက်ကို ဖြန့်နေတဲ့အတွက် စားသုံးသူတွေအနေနဲ့ အစားအစာအန္တရာယ်ကင်းရှင်းဖို့ စိတ်မချရဘူးဖြစ်နေတယ်။ ပြီးတော့ သယ်ယူခဲ့တဲ့ လမ်းကြောင်းတစ်လျှောက်က ကြက်မွေးမြူရေးခြံတွေမှာလည်း ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်နိုင်တဲ့ အခွင့်အလမ်းများစွာရှိနေတဲ့အတွက် သက်ဆိုင်ရာဌာနတွေကို စစ်ဆေးပေးဖို့ တင်ပြထားတာရှိပါတယ်” ဟု ပြောသည်။

ကြက်ဥ၊ ကြက်သားမွေးမြူထုတ်လုပ် ရောင်းချသူများအသင်းအနေဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများသို့ စစ်ဆေးမှုများ ပြုလုပ်ပေးနိုင်ရန်အတွက် မေလဆန်းပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် သက်ဆိုင်ရာဌာနများသို့ တင်ပြထားကြောင်း သိရသည်။

မန္တလေးမြို့ ဈေးကွက်အတွင်းသို့ တရုတ်မှ ဝင်ရောက်လာသော အေးခဲကြက်သားများအား မန္တလေးမြို့ရှိ စားသောက်ကုန် အအေးခန်းလုပ်ငန်းများတွင် သိုလှောင်ထားရှိကာ ဈေးကွက်သို့ ဖြန့်ဖြူးလေ့ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် H5N1 ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားမှုရှိခဲ့ပြီး မွေးမြူရေးကြက်ခြံများ ဆုံးရှုံးမှုများစွာဖြစ်ပေါ်ခဲ့ကြောင်း၊ နှစ်စဉ်မွေးမြူရေးကြက်ခြံများတွင်  ကြက်ငှက်တုပ်ကွေးရောဂါနှင့် ပုံစံတူသေဆုံးမှုများကိုလည်း ကြုံတွေ့ရကြောင်း သိရသည်။

တရုတ်နိုင်ငံတွင် H7N9 ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၄ဝဝ ဝန်းကျင်ရှိနေပြီဖြစ်ကာ သေဆုံးသူ ၄ဝ ကျော်ရှိကြောင်း သိရသည်။

အောင်သူ၊ လဲ့လဲ့အောင်
News Eleven