ဒေါ်စုထောက်ပြတဲ့ အမြင့်ဆုံးသြဇာအာဏာတွေရနေတာ ဘယ်အဖွဲ့အစည်းလဲ

ပို့စ်တင်ချိန် - 5/11/2014 10:20:00 AM


လက်ရှိဖွဲ့စည်းပုံဟာ အစုအဖွဲ့တစ်ခုကို အဓိကနဲ့ အမြင့်ဆုံး သြဇာအာဏာတွေ ပေးထားတာကြောင့် တန်းတူညီမျှမှုမ ရှိဘူး၊ တန်းတူညီမျှမှုမရှိရင် မြန်မာပြည်ဟာ ညီညွတ်မှုမရနိုင်ဘူးလို့ ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါပြီ။ အစုအဖွဲ့တစ်ခုဆိုတာ ဘယ်သူတွေလဲ။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ၂ဝဝ၈ ဖွဲ့စည်းပုံဟာ တပ်မတော်ကို အထူးအခွင့် အရေးပေးထားတာဖြစ်တယ်၊ ဒီလို အဖွဲ့တစ်ဖွဲ့ကို အထူးအခွင့်အရေးပေးထားရင် တိုင်းပြည် မညီညွတ်တာကြောင့် ဒီမိုကရေစီစံနှုန်းအရ တန်းတူညီမျှမှုလိုတယ်လို့ ပြောဆိုခဲ့ပါတယ်။ ပြီးတော့ တပ်မတော်သားတွေ ဖွဲ့စည်းပုံပြုပြင်ရေး မှာ တာဝန်အရ ပါဝင်ကြပါလို့ တိုက်တွန်းခဲ့ပါတယ်။

ရန်ကုန်နဲ့ ဧရာဝတီတိုင်းက ထောက်ခံသူ နှစ်သောင်းကျော်တက်ရောက်တဲ့ ဖွဲ့စည်းပုံပြုပြင်ပြောင်းလဲရေး ဟောပြောပွဲကို မေလ ၁ဝရက်နေ့မှာ ပြုလုပ်ခဲ့ပြီး မြန်မာစစ်အာဏာရှင်တွေ တစ်ဖက်သတ် ရေးဆွဲခဲ့တဲ့ ဒီဖွဲ့စည်းပုံကို မပြင်ဆင်ချင်ဘူးဆိုပြီး ဆန္ဒထုတ်ဖော်တဲ့သူတွေရဲ့နောက်ကွယ်မှာ ဘယ်အဖွဲ့အစည်းရှိနေလဲဆိုတာ ပြည်သူတွေ လေ့လာကြဖို့ သတိပေးပြောဆိုခဲ့ပါတယ်။

မြန်မာစစ်တပ်ဟာ နိုင်ငံသားတွေဖြစ်ပြီးမှ တပ်မတော်သားဖြစ်ရတာကြောင့် မူလနိုင်ငံသားတာဝန် မကျေပွန်ဘဲ အခြားတာဝန်တွေ ဘယ်လိုကျေပွန်နိုင်မလဲဆိုတာ ကိုယ့်ကိုကိုယ် မေးခွန်းထုတ်ကြဖို့၊ မြန်မာနိုင်ငံမှာ အုပ်စုတစ်ချို့ ကပဲ ကြီးပွားဖွံ့ဖြိုးနေရင် ပြည်သူတွေ မကျေနပ်နိုင်တဲ့အကြောင်း၊ အစိုးရကို ကောင်းကောင်း ထိန်းကွပ်ထားနိုင်မှ တရားဥပဒေစိုးမိုးရေး ရှိမှာဖြစ်တယ်လို့ ဆိုပါတယ်။

ပုဒ်မ ၄၃၆ ပြင်ဆင်ဖို့ NLD ပါတီနဲ့ ၈၈မျိုးဆက်ကျောင်းသားတွေဟာ လာမယ့် သီတင်းပတ်တွေကစပြီး ပြည်သူတွေ ကို ပညာပေးဟောပြောဖို့ လှုပ်ရှားမှုတွေ စတင်တော့မှာဖြစ်ပါတယ်။ မအူပင်မှာ တက်ရောက်လာတဲ့ ပြည်သူ ၉၉%ကျော်က ဖွဲ့စည်းပုံပြင်ဆင်ရေးကို ထောက်ခံကြောင်း ပြသခဲ့ပါတယ်။

Kamayut Media