မိုးပျံကျောပိုးဂျက်ကိရိယာကို Google စမ်းသပ်တီထွင်

ပို့စ်တင်ချိန် - 5/11/2014 06:01:00 PM






Google အနေဖြင့် တစ်ကိုယ်ရေ အသုံးပြု ကျောပိုးဂျက် ပျံသန်းမှု ကိရိယာငယ်တစ်မျိုးကို ဖန်တီးထုတ်လုပ်နိုင်ရန် ကြိုးပမ်းနေကြောင်း သိရှိရသည်။ Google၏ လျှို့ဝှက် ဓာတ်ခွဲခန်း X Labမှ အကြီးအကဲဖြစ်သူ အက်စ်ထရိုတဲလာက ယင်းကို အတည်ပြုခဲ့သော်လည်း လက်ရှိအနေအထားအရမူ လက်တွေ့အသုံးပြုနိုင်ရန် ဝေးကွာနေဆဲ အခြေအနေ၌သာ ရှိသေးကြောင်း ဝန်ခံခဲ့သည်။ နယူးယော့ခ်တွင် ပြုလုပ်သည့် TechCrunch Disrupt နည်းပညာ ညီလာခံတွင် တဲလာက ယင်းကိစ္စကို ဖွင့်လှစ်ပြောဆိုလာခြင်း ဖြစ်သည်။ “တကယ်လို့ ဘေးကင်းရန်ကင်း ပျံသန်းနိုင်တဲ့ ကျောပိုးဂျက်လေး တစ်လုံးစီလောက် ပိုင်ဆိုင်ထားမယ်ဆိုရင် အရမ်းမိုက်နေမယ် မဟုတ်လား”ဟု တဲလာက ဆိုသည်။

Microsoftသည် Haloဂိမ်းအသစ် စတင်ရောင်းချမှု အစီအစဉ်အရ လန်ဒန်တွင် ကျောပိုးဂျက် ကိရိယာတစ်ခုဖြင့် ပျံသန်းပြခဲ့သေးသော်လည်း Googleက လူအများ အသုံးပြုနိုင်သည့် အခြေအနေမျိုးထိ ကျယ်ပြန့်လာရန်မှာ အချိန်ယူရဦးမည်ဟု သုံးသပ်ခဲ့သည်။ တဲလာက “လောလောဆယ် ကြုံနေရတဲ့ ပြဿနာက ဒီကိရိယာအတွက် ဖြည့်တင်းပေးရမယ့် စွမ်းအင်ကို လက်ရှိထက်ပိုပြီး ထိထိရောက်ရောက် အသုံးချနိုင်ဖို့ လိုနေတာပါပဲ။ ကျွန်တော်တို့ ဒီကိစ္စကို မဖြေရှင်းနိုင်သေးဘူး။ နောက်ပြီး ကျောပိုးဂျက်က မော်တော်ဆိုင်ကယ် မောင်းသွားသလို အသံအကျယ်ကြီး မြည်နေလိမ့်မယ်”ဟုလည်း ရှင်းပြခဲ့သည်။


Google၏ နည်းပညာ ဓာတ်ခွဲစမ်းသပ်မှုများတွင် စိုက်ပျိုးရေးကဏ္ဍ၌ ပိုမိုအကျိုးဖြစ်ထွန်းစေမည့် နည်းလမ်းများလည်း ပါဝင်နေကြောင်း သိရှိရသည်။ ၎င်းက Google၏ မိုဘိုင်းလ်ဖုန်း နယ်ပယ်သို့ ချဉ်းနင်းဝင်ရောက်နေမှု ခြေလှမ်းကိုလည်း အတည်ပြုခဲ့သည်။ “မိုဘိုင်းလ်ဖုန်းတွေရဲ့ ပုံစံက ဒီထက်ပိုပြီး ဆွဲဆောင်မှု ရှိလာမယ်၊ ကြည့်ကောင်းလာမယ်ဆို ပိုကောင်းမယ် မဟုတ်လား။ နောက်ပြီး အလေးချိန်လည်း ပိုပေါ့သွားမယ်၊ ဘက်ထရီသက်တမ်း ပိုရှည်လာမယ်ဆိုရင် စိတ်ဝင်စားစရာပဲ။ ပြောရမယ်ဆိုရင် ကိုယ့်အတွက် ဖုန်းဆိုတာ သယ်ယူစရာ ပစ္စည်းတစ်ခု မဟုတ်သလိုကို ဖြစ်နေရင် ပိုပြီးကောင်းသွားပါလိမ့်မယ်”ဟု ၎င်းက မှတ်ချက်ပြုသွားသည်။

Planet Myanmar Network