တပ်မ ၈၈ ထိန်းချုပ်ရာ သျှမ်း-ကချင် နယ်စပ် ဗုံးထပ်မံ ပေါက်ကွဲ နှစ်ဦး ဒဏ်ရာ ရ

ပို့စ်တင်ချိန် - 5/11/2014 09:24:00 AM



  မေလ ၉ ရက် ၂၀၁၄

  ကချင်ပြည်နယ် မန့်ဝိန်းကြီးကျေးရွာ အုပ်စုအတွင်း ပန်ခမ်းရွာနှင့် ကုန်းခမ်းရွာ ကြားရှိ ဟိုတုံဈေးအနီး တွင် မေ ၉ ရက် နက်ပိုင်းက ဗုံးတစ်လုံး ပေါက်ကွဲပြီး ဒေသခံတစ်ဦးနှင့် တပ်မတော်သားတစ်ဦး ဒဏ်ရာ ရရှိကြောင်း စုံစမ်း သိရှိရသည်။

အစိုးရစစ်သားများ ကင်းလှည့်လာချိန် ဗုံးပေါက်ကွဲခြင်းဖြစ်ပြီး စစ်သားတစ်ဦးနှင့် ကုန်းခမ်းရွာသား တစ်ဦးတို့ ဒဏ်ရာရရှိကြကြောင်း၊ ဒဏ်ရာရတပ်သားအား အနီးရှိတပ်စခန်းသို့ သယ်ဆောင်သွားကြောင်း၊ ဗုံးဆံထိမှန် သောကုန်းခမ်းရွာသား၏ ဒဏ်ရာမှာစိုးရိမ်မှုမရှိကြောင်း ကိုယ်တိုင်တွေ့မြင်ရသူ ဟိုတုံဈေးသည် နမ့်ခမ်းမြို့ခံတစ်ဦးက ဆိုသည်။

“ဗုံးပေါက်တာက မနက် ၇းဝဝ နာရီ ၊ ဈေးရဲ့အပြင်ဘက်မှာပေါက်တာ၊ ဟိုတုံဈေးနေ့လဲဖြစ်တယ် ၊ဗုံးပေါက်တော့ ဈေးပျက်သွားတာပေါ့။ ကိုယ်စီအမြန်သိမ်းပြီး အသီးသီးပြန်သွားတယ်” ဟု ၄င်းက ပြောသည်။

တပ်မဟာသုံးနယ်မြေအား အစိုးရတပ် ထိုးစစ်ဆင်တိုက်ခိုက်ပြီး ကေအိုင်အေ တပ်စခန်းအများ အပြား သိမ်းပိုက် သည့်နောက်ပိုင်း လက်သည်မပေါ်သောဗုံးများ ဆက်တိုက် ပေါက်နေကြောင်း၊ ယခုမေလ ဆန်းပိုင်း မှာပင်ဗုံး ၁၀ လုံး ထက်မနည်းပေါက်ကွဲခဲ့ပြီဖြစ်ကြောင်း၊ ထိခိုက်ဒဏ်ရာ ရသူများမှာ ဒေသခံ ပြည်သူများသာဖြစ်ကြောင်း၊ ဗုံးများဘယ်အချိန် ဘယ်နေရာ ထပ်ပေါက်မည်ကို မခန့်မှန်း နိုင်သဖြင့် ဒေသခံများ အထူးစိုးရိမ်မှုနေကြကြောင်း အမည်မဖော် လိုသူ ကုန်းခမ်းရွာသားတစ်ဦး ကဆိုသည်။

“ ဟိုတုံဈေးမှာ စိုင်းအောင်ညွှန့် ရဲ့သား စိုင်းအိုက်ကွမ်း မြက်ရိတ်နေတဲ့နေရာနားမှာ ဗုံးပေါက်တာ။ ဗုံးဆံက သူရဲ့ပေါင်မှာထိတယ်၊ ဘယ်ဆေးရုံမှ မပို့လိုက်ရပါဘူး၊ ဒါပေမယ့် အာဏာပိုင် တွေလဲ လာရောက်ကူညီတာ ကြည့်ရှုမေးမြန်းတာ မရှိဘူး။ ဒေသန္တာရဆေးမှူးနဲ့ဘဲ ကုနေရကြတယ် ” ဟု၎င်းက သျှမ်းသံတော်ဆင့်အား ပြောပြသည်။

ဗုံးမကြာခဏ ပေါက်ကွဲသည့် သျှမ်း - ကချင် နယ်စပ်ဒေသ အစိုးရ တပ်မ ၈၈ မှ ကချင်လွတ်လပ်ရေး တပ်မတော် ကေအိုင်အေ တပ်မဟာ ၃ ဒေသအားထိုးစစ်ဆင်တိုက်ခိုက်သည့်နောက်ပိုင်း ဆက်တိုက် ပေါက်ကွဲခြင်းဖြစ်သည်။ ဒေသအတွင်းတိုင်းရင်းသားတပ်ဖွဲ့များမှာ ကချင် (KIA) သျှမ်း (SSA) ပလောင် (TNLA) တို့သွားလာလှုပ်ရှားသည်။

 သျှမ်းသံတော်ဆင့်