အိမ်ထောင်သက် တစ်လ ကျော်ပြီ ဖြစ်သော်လည်း ရင်သွေးမလိုချင်သေးတဲ့ ၀ိုင်းစု

ပို့စ်တင်ချိန် - 5/11/2014 06:20:00 PM




အနုပညာအလုပ်များကို ပိုလုပ်ချင်သေးသောကြောင့် အိမ်ထောင်သက် တစ်လကျော်ရှိပြီဖြစ်သော်လည်း ရင်သွေးမယူချင်သေးကြောင်း ၀ိုင်းစုခိုင်သိန်းကဆိုသည်။

‘‘ရင်သွေးမယူသေးဘူး။ အလုပ်လုပ်ချင်သေးတယ်။ အာဘွားအတွက် အမ်တီဗီရိုက်စရာရှိတယ်။ စုံတွဲခွေထွက်စရာရှိတယ်။ နောက်ထပ်တစ်ခွေလည်း ထုတ်ချင်သေးတယ်’’ဟု အဆိုတော်၊ သရုပ်ဆောင် ၀ိုင်းစုခိုင်သိန်းကပြောသည်။

ထွက်ရှိထားသော တတိယခွေ‘‘အာဘွား’’အတွက် အမ်တီဗီရိုက်ကူးရန် လတ်တလောတွင် ဒါရိုက်တာအောင်မြတ်နှင့် ၀င်းလွင်ထက်တို့ထံ အပ်ထားပြီး ပါဝင်သရုပ်ဆောင်မည့် မော်ဒယ်များကို မရွေးချယ်ရသေးကြောင်း ၀ိုင်းစုခိုင်သိန်းကပြောသည်။

ဧပြီလ ၅ ရက်မှာ ‘‘မင်းရဲ့ရွေးချယ်မှု’’သီချင်းတစ်ပုဒ်ရိုက်ဖို့ ချိန်ထားတယ်။ Story Board ရပြီဆိုတော့ မင်းသား၊ မင်းသမီး ရွေးမယ်။ အစ်မလည်းပါမယ်။ အစ်မရိုက်ချင်တဲ့ဟာလေးတွေ ဒါရိုက်တာကိုပြောပြတယ်’’ဟု ၎င်းကပြောသည်။

မက်လောက်စရာ၊ မျက်လှည့်အခွေများထက် ရိုက်ကူးမှုပုံစံ ဆန်းဆန်းပြားပြားဖြစ်အောင် ရိုက်ကူးရမည့် သီချင်းများက အာဘွားအခွေတွင် မပါသည့်အတွက် ပုံမှန်ထက် အနည်းငယ်ထူးခြားအောင်သာ ရိုက်ကူးမည်ဟု ၀ိုင်းစုခိုင်သိန်းကပြောသည်။

ဝိုင်းစုခိုင်သိန်း၏ ထွက်ရှိထားသော တစ်ကိုယ်တော်ခွေများမှာ ပရိသတ်များ၏ အစဉ်အမြဲအားပေးမှုကိုရနေပြီး ဂီတဆုများစွာကို သိမ်းပိုက်နိုင်ခဲ့သူဖြစ်သည်။
7Day News