ပုဒ်မ ၄၃၆ သည် ဒီမိုကရေစီ အတွက် အဟန့်အတားဖြစ်သည်ကို တပ်မတော်သားများ နားလည်ရမည်ဟု ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ပြော

ပို့စ်တင်ချိန် - 5/24/2014 03:07:00 PM



၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေပါ ပုဒ်မ ၄၃၆ သည် ဒီမိုကရေစီ အတွက် အဟန့်အတား ဖြစ်သည်ကို တပ်မတော်သားများက နားလည်ရမည် ဖြစ်ကြောင်း ကာကွယ်ရေးဦးစီးချုပ်ဟောင်း သူရ ဦးတင်ဦးက The Messenger သတင်းစာသို့ ပြောကြားသည်။၄၃၆ဆိုတာသူတို့ဟာသူတို့ ကာကွယ်နေ တာ၊ တပ်မတော်သားတွေ နားလည်ရမှာက ဒီဟာ ပြည်သူလူထု တိုင်းဒေသကြီးနဲ့ ပြည်နယ်အားလုံးမှာ အဟန့်အတားကြီး ဖြစ်နေတာ၊သူတို့ကို ပြန်ထိ မလားဆိုပြီး၊ သူတို့ကို သူတို့ပြန်ကာကွယ်နေတာ၊ ပြင်ဆင်ဖို့ တပ်မတော်သားတွေ အများကြီးပါချင်ပါတယ်။ သို့သော် အမိန့်ပေး စနစ်အပေါ်က ရှိနေတော့ အပေါ်က လူကို အဓိကပြောတာ၊ ကာကွယ်ရေးဦးစီးချုပ် တို့လည်း နားလည်စေချင်ပါတယ် ဟု သူရဦးတင်ဦး က ပြောသည်။

တပ်မတော်သာ အမိ၊ တပ်မတော်သာအဖ မဟုတ်ဘဲ ပြည်သူသည်သာ အမိ ပြည်သူသည်သာ အဖ ဖြစ်သောကြောင့် တပ်မတော်သည် ဖွဲ့ စည်းပုံ ပြင်ဆင်ရေး အတွက် ပါဝင်ရမည် ဖြစ်ကြောင်း၊ပုဒ်မ ၄၃၆ သည် အဟန့်အတားကြီး တစ်ခုဟူ၍ တပ်မတော်သားများက နားလည်ရမည် ဖြစ်ကြောင်း ၎င်း ကဆိုသည်။ တပ်မတော် အနေဖြင့် ဒီမိုကရေစီကို လိုလားပါက အားလုံး ရင်ကြားစေ့နိုင်ရမည် ဖြစ်ကာ၊ အဂတိတရားကင်းရမည်ဖြစ် ကြောင်း၊ အကြမ်းဖက်မည် ဆိုပါက နောက်ထပ် နှစ်ပေါင်း (၆၀) ထပ်ကြာမည်ကို မလိုလားကြောင်း၊ တပ်မတော်သား ကိုယ်စားလှယ်များသည် လွှတ်တော်ထဲမှ ထွက်၍ ရွေးကောက်ပွဲ ၀င်ရောက်လိုပါက ၀င်နိုင်ကြောင်း ကာကွယ်ရေးဦးစီးချုပ်ဟောင်း NLD နာယက သူရ ဦးတင်ဦးက ဆက်လက် ပြောကြားသည်။

ပုဒ်မ ၄၃၆ ပြင်ဖို့ လွှတ်တော်အမတ် နှစ်ဆယ် ရာခိုင်နှုန်းရှိရင် တင်လို့ရတယ်။ ဒါပေမဲ့ မထောက်ခံရင် အထမမြောက်ဘူးပေါ့။ (၇၅) ရာခိုင်နှုန်းဆိုတော့ အားလုံးလိုလို ထောက်ခံမှဖြစ်မှာ၊ တပ်မတော်သားတွေ မထောက်ခံရင် မဖြစ်ဘူး ဟု အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းဝါနုက The Messenger သတင်းစာသို့ ပြောသည်။

ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရန် လွှတ်တော်ရှိ ဖွဲ့ စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီ က ဆုံးဖြတ်လိုက် သော်လည်း ပြင်ဆင်ရန် အတည်ပြု ဆုံးဖြတ်နိုင်ရေးသည် တပ်မတော် အပေါ်တွင်သာ မူတည်ကြောင်း သိရသည်။ ပြည်ထောင်စု လွှတ်တော်တွင် ပြင်ဆင်ရန်မဲခွဲ ဆုံးဖြတ်သည့်အချိန်တွင် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် (၇၅) ရာခိုင်နှုန်းကျော်၏ ထောက်ခံ သဘော တူညီချက် ရရှိပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူရမည် ဖြစ်သဖြင့် အမှန်တကယ် ပြင်ဆင်နိုင်ရန် ခက်ခဲမည် ဖြစ်ကြောင်းလည်း သိရသည်။


The Messenger's Local News Detail
www.messengernewsjournal.com
messenger news journal