ပုဒ်မ ၄၃၆ ပြင်ဆင်ရေး အနုပညာရှင်များ လက်မှတ်ထိုးတောင်းဆို

ပို့စ်တင်ချိန် - 5/24/2014 06:38:00 AM




ရန်ကုန်၊ မေ ၂၃။

၂ဝဝ၈ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် အနုပညာရှင်များစုပေါင်းကာ ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီခန်းမတွင် ယနေ့ည ၇နာရီအချိန်က
လက်မှတ်ရေးထိုး၍ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

“ပြည်သူတွေက ပေါက်ဖွားလာတဲ့အနုပညာသမားတွေ အနေနဲ့ပြည်သူငိုရင် ကျွန်တော်တို့ငိုမယ်၊ ပြည်သူပျော်ရင်ကျွန်တော်တို့ပျော်တယ်၊ ဒီ၂၀၀၈
ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူကမကြိုက်တဲ့အတွက် ကျွန်တော်တို့လည်းပြည်သူ့ဆန္ဒနောက်ကိုလိုက်ရပါမယ် ပြည်သူကိုတစ်ကယ်ချစ်တယ်ဆိုရင်
ဒီဥပဒေကိုပြင်သင့်နေပါပြီ” ဟု ဟာသရုပ်ဆောင် ဦးဗေလုဝကပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် လက်မှတ်ရေးထိုးပွဲနှင့်ပတ်သက်ပြီး “ဒီလက်မှတ်ထိုးပွဲက ဖိတ်ကြားထားတာ မဟုတ်ပါဘူး ကျွန်တော်တို့တရားဝင်
ကြေငြာထားတာပါ၊ အနုပညာရှင်မှ မဟုတ်ဘူးဘယ်သူမဆို လာရောက်လက်မှတ်ထိုးနိုင်ပါတယ်၊ ကျွန်တော်တို့ထမင်းထုတ်ဝေပြီး ခေါ်တာမဟုတ်ဘူး ရင်ထဲက
ပြင်ချင်ပါတယ်လို့ ဆန္ဒရှိတဲ့သူ အကုန်လာရောက်လက်မှတ်ထိုးနိုင်ပါတယ်”ဟု ဒါရိုက်တာ ဝိုင်းကပြောသည်။

ရွှေသံစဉ်တေးဂီတအဖွဲ့မှဦးဝင်းမော်က“ ၂ဝဝ၈ထဲက ပြဌာန်းထားတာ ၆နှစ်ရှိပြီဆိုတော့ ဒီဥပဒေတွေထဲမှာခေတ်မမှီတာတွေ ပြင်ဆင်သင့်တာတွေ အများကြီးရှိတာပေါ့၊
နိုင်ငံတိုင်းမှာလည်း ပြင်ကြတာပါပဲ၊ ပုဒ်မ၄၃၆ကတော့ အဓိကပေါ့၊ ဒီအချက်ကိုပြင်မှ ကျန်တဲ့အချက်တွေပြင်လို့ရမှာလေ၊ အဲ့ဒါကြောင့် အနုပညာရှင်တွေကလည်း
ကိုယ့်ရဲ့ပရိပ်သတ်တွေအတွက် ဦးဆောင်လုပ်ပြသင့်တယ်လို့ထင်ပါတယ်” ပြောသည်။

အဆိုပါ လက်မှတ်ထိုး ဆန္ဒထုတ်ဖော်ပွဲတွင် ရုပ်ရှင်၊ ဂီတ စသည့် အနုပညာနယ်ပယ်များမှ အနုပညာရှင် ၄ဝ ကျော်က ပါဝင် လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။

ချမ်းမင်းဟန်


The Myanma Age