ကိုယ့်ကလေး အနိုင်ကျင့်ခံရမှုကို မိဘတစ်ယောက်အနေနဲ့ ဘယ်လိုကာကွယ်မလဲ

ပို့စ်တင်ချိန် - 5/24/2014 03:31:00 PM




ကလေးတွေရဲ့လောကမှာ ကလေးချင်း အနိုင်ကျင့်မှုဆိုတာ ရှိတာပါပဲ။ ဒါကို မိဘတစ်ယောက်အနေနဲ့ ဘာမှမတတ်နိုင်ဘူး ဆိုတာတော့ မဟုတ်ပါဘူး။ ကိုယ့်ကလေးကို အနိုင်ကျင့်မခံရအောင် ရှောင်ကြည်ဉ်ဖို့၊ အနိုင်ကျင့်ခံရမှုကိုတားဆီးဖို့ မိဘတစ်ယောက် အနေနဲ့ ပါးပါးနပ်နပ်ကူညီနိုင်ပါတယ်။

ဒီ့အတွက် Chicago Tribune ၊ Huffington Post ၊ Men’s Health စတဲ့ မဂ္ဂဇင်းတွေမှာ ရေးသားနေပြီး ဆုရစာရေးဆရာ တစ်ဦးလည်းဖြစ်သူ Jim Higley ရဲ့ဆောင်းပါးလေးကို တိုတိုတုတ်တုတ် ဖော်ပြလိုက်ပါတယ်။

မိဘတော်တော်များများဟာ ကလေးချင်းအနိုင်ကျင့်မှုတစ်ခုမှာ “အနိုင်ကျင့်ခံရတဲ့သူ” နဲ့ “အနိုင်ကျင့်သူ” ဆိုပြီး နှစ်ခုပဲ ရှိမယ်လို့ထင်ကြပါတယ်။ တကယ်တော့ ကလေးချင်း အနိုင်ကျင့်မှုဖြစ်လာဖို့ “ဘေးကကြည့်သူ” ဆိုတာလည်း ပါပါတယ်။

မိဘတွေဟာ ငယ်ငယ်လေးကတည်းက အနိုင်ကျင့်မှုတစ်ခုကို မြင်ရရင် သင့်လျော်တဲ့နည်းလမ်းတွေနဲ့ တုံ့ပြန်တတ်ဖို့ ကလေးတွေကို သင်ကြားပေးထားသင့်ပါတယ်။ ဒါဟာ တစ်ဖက်သားအပေါ် ကိုယ်ချင်းစာသနားတတ်တဲ့စိတ်ကို ခိုင်မာစေပြီး ဒီလိုအခြေအနေမျိုး ကိုယ်ကိုတိုင် ကြုံ့လာရင် ဘယ်လိုဖြေရှင်းရမယ်ဆိုတဲ့ နည်းလမ်းတွေကိုလည်း ရရှိမှာ ဖြစ်ပါတယ်။

အောက်ပါအချက်တွေကတော့ အနိုင်ကျင့်ခံရတာကို ဘေးကနေမြင်နေရတဲ့ ကလေးတစ်ယောက်အတွက် ဘယ်လို သင်ကြားသင့်တယ် ဆိုတဲ့အချက် တွေပါ

-အနိုင်ကျင့်ခံနေရတဲ့ ကလေးကို သူငယ်ချင်းဖွဲ့ခိုင်းပါ။

-အနိုင်ကျင့်ခံနေရတဲ့ ကလေးကို အကူအညီလိုမလို မေးရင်းနဲ့ သူ့ဘက်က ရှိပါ။

-အနိုင်ကျင့်နေတဲ့ ကလေးကိုရပ်ဖို့ပြောပါ။

-ရလာတဲ့အတွေ့အကြုံကို လူကြီးတွေကိုပြန်ပြောခိုင်းပါ။
အနိုင်ကျင့်ခံရခြင်းမှ သင့်ကလေးကိုကာကွယ်ခြင်း
ကလေးအတော်တော်များများက အနိုင်ကျင့်ခံရတဲ့အခါ ရှက်လို့ ပြန်မပြောတတ်ကြပါဘူး။ အနိုင်ကျင့်ခံရတယ်လို့ သင် သံသယရှိနေရင် ရိုက်နှက်အော်ဟစ် မေးမြန်းတာမျိုး မလုပ်သင့်ပါဘူး။ သင့်ကလေး အနိုင်ကျင့်ခံနေရပြီဆိုတာသိစေဖို့ ဒီလက္ခဏာလေးတွေ ထပ်ခါထပ်ခါ ဖြစ်လာရင် သတိထားပါ။

-ပွန်းပဲ့ရာများ

-မုန့်ဖိုးလို ပိုင်ဆိုင်မှုများ ပျောက်ဆုံးခြင်း

-ကျောင်းကနေ အိမ်ရောက်တာနဲ့ အလွန် ဆောင်လောင်နေခြင်း သို့မဟုတ် အိမ်သာထဲ အလျင်စလို တန်းသွားခြင်း

-ခေါင်း ခဏခဏကိုက်ခြင်း
အနိုင်ကျင့်ခံနေရတယ်လို့ သံသယရှိနေရင် ကလေးဖြစ်သူကိုပဲ တိုက်ရိုက် တန်းမေးပါ။ အနိုင်ကျင့်ခံရတာကိုများ မြင်ခဲ့လားဆိုတဲ့ မေးခွန်းမျိုးနဲ့စမေးပါ။
ဒီလိုအနိုင်ကျင့်ခံရအောင် ကိုယ်က ဘာတွေလုပ်ခဲ့လဲဆိုတာမျိုး မမေးပါနဲ့။ စာနာမှုပြပြီး အောက်ပါ အချက်တွေကိုရှာဖွေပါ။

-ဘယ်သူက အနိုင်ကျင့်တာလဲ။ အနိုင်ကျင့်တဲ့သူက တစ်ယောက်ထဲလား

-ဘယ်နေရာမှာ ဖြစ်တာလဲ

-အနိုင်ကျင့်ခံရတဲ့အခါ ခင်ဗျားကလေးက ဘယ်လိုတုံ့ပြန်သလဲ
အနိုင်ကျင့်ခံနေရတာ သေချာပြီဆိုရင်တော့ ဘယ်လို တုံ့ပြန်ရမလဲဆိုတာ ကိုယ့်ကလေးကို သင်ပေးဖို့ လိုပါပြီ။ သူရွေးချယ်ရတော့မယ်ဆိုတာ သေချာပြောပြပါ။ သူ့ကို အနိုင်ကျင့်နေသူက သူထင်သလောက် မဟုတ်ဘူးဆိုတာ သေချာ ပြောပြပါ။ ကလေးတွေရဲ့ အပြုအမူနဲ့ပက်သက်ပြီး အထူးကျွမ်းကျင်သူ Michele Borba ပေးတဲ့နည်းလမ်းတွေကတော့ အောက်ပါအတိုင်းပါ

-ငြိမ်ငြိမ်သက်သက်နေပါ

-မင်းလုပ်သလောက် ငါ့ပြန်လုပ်ဖို့ အသင့်ပဲဆိုတဲ့ အနေအထားမျိုး ထားပါ

-အနိုင်ကျင့်သူရဲ့ မျက်လုံးကို တည့်တည့်ကြည့်ပါ

-အသံက တကယ်လုပ်လာရင် တကယ်ပြန်လုပ်မယ်ဆိုတဲ့ အသံမျိုးရှိပါ (မင်းကိုငါ ဘာလုပ်လို့လဲကွာဆိုတာမျိုးကတော့ အလုပ်မဖြစ်ပါဘူး)
ကလေးချင်းအနိုင်ကျင့်မှုဟာ မိဘတွေအတွက်တော့ တကယ်ဖြေရှင်းရခက်ပြီး မိဘကော ကလေးကော စိတ်ဆင်းရဲရတဲ့ ပြဿနာပါ။ သင် သေချာသင်ပေးလေလေ သင့်သားသမီးက အနိုင်ကျင့်သူတွေရဲ့ သားကောင်ဖြစ်ဖို့ နည်းလေလေပါပဲ။

သင့်သားသမီးက သားကောင်မဟုတ်ဘဲ တရားခံ ဖြစ်နေရင်လည်း ဆုံးမဖို့ ပိုအရေးကြီးပါတယ်။ ဒါကိုလည်း မမေ့ပါနဲ့ဦး....



Credit: ဖိုးသူတော်
ဖိုးသူတော် Team မှ ဘာသာပြန်သည်။