ဘားအံမြို့ ရွာတစ်ရွာမှ ပျောက်ဆုံးနေသော ကလေးငယ်လေးဦးအလောင်းများ ရေကန်ထဲမှတွေ့

ပို့စ်တင်ချိန် - 5/24/2014 07:16:00 AM


Author: အောင်သစ်လွင်


ဘားအံမြို့နယ်၊ ဝန်းကျင်ကျေးရွာအုပ်စု၊ တောကြီးရွာနိုင် ကျေးရွာတွင် ကလေးငယ်လေးဦး ပျောက်ဆုံးနေရာမှ မေလ ၂၁ ရက်ကအုတ်ဖုတ်လုပ်ငန်းတစ်ခု အတွင်း ရှိရေကန်ထဲတွင်လေးဦးစလုံးသေဆုံးလျက်ပြန်တွေ့ရသောကြောင့် စစ်ဆေးမှုများပြုလုပ်နေကြောင်း သတင်းရရှိသည်။

 တောကြီးရွာနိုင်ကျေးရွာရှိ အသက်ရှစ်နှစ်ခန့်မိန်းကလေးသုံးဦးနှင့်  ယောက်ျားလေးတစ်ဦးတို့ မေလ ၂၀ ရက်ညနေတွင် ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။ နောက်တစ်နေ့တွင် အဆိုပါကျေးရွာအတွင်းရှိ အုတ်လုပ်ငန်းတွင် တူးထားသည့်ရေကန်ထဲ၌ သေဆုံးလျက်ပြန်တွေ့ရသောကြောင့် ဘားအံမြို့မရဲစခန်းလက်အောက်ရှိထုံးအိုင်နယ်မြေရဲစခန်းတွင် အမှုဖွင့်စစ်ဆေးနေကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးဦးအောင်အောင်ကပြောသည်။

  ‘‘ပုံမှန်အတိုင်းသေဆုံးမှု ဟုတ်၊ မဟုတ်ကို သက်ဆိုင်ရာ နယ်မြေရဲစခန်းမှာစစ်နေပါ တယ်။စစ်ဆေးနေတုန်းမို့လို့ အသေးစိတ်အချက်အလက်တော့မသိရသေးပါဘူး’’ဟု ဦးအောင်အောင်ကပြောသည်။

အုတ်လုပ်ငန်းများတွင် အသုံးပြုရန် မြေတူးရာ၌အုတ်ဖုတ်ရန်အဆင်ပြေသောမြေကိုရွေး၍တူးယူရခြင်းကြောင့်  ကန်ကြမ်းပြင်မညီညာဘဲ  မိုးတွင်းကာလကန်အတွင်းသို့ ရေဝင်ချိန်တွင် ကန်အနီးပတ်ဝန်းကျင်ရှိ ကလေးများအတွက် အလွန်အန္တရာယ်များကြောင်းတောကြီး ရွာနိုင်ကျေးရွာတွင်နေထိုင်သူ ကိုမိုးနိုင်ကပြောသည်။

  ‘‘လိုချင်တဲ့မြေ အရည်အသွေးက ဒီနေရာကောင်းတယ်ဆိုအဲဒီမှာ ပဲရသလောက်နှိုက်ယူ တာ။  အဲဒီတော့ ပုံမှန်ငါးမွေးကန် တွေလို မြေမညီဘူး။ နောက်ပြီး ရေသေဆိုတော့ ခြေချော်ကျတာ နဲ့ အန္တရာယ်များတယ်’’ဟု ကိုမိုး နိုင်ကဆိုသည်။

7day daily