အခြေခံဥပဒေကို လူထု တောင်းဆိုသည့်အတိုင်း ပြင်ဆင်၍ မရနိုင်ဟုဆို

ပို့စ်တင်ချိန် - 5/24/2014 11:22:00 AM




နေပြည်တော်၊ မေ ၂၃

တပ်မတော်အစိုးရက ဦးဆောင် ရေးဆွဲထားသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လူထုတောင်းဆိုသည့် အတိုင်း ပြင်ဆင်ပေးရန် မဖြစ်နိုင်ဘဲ ပြင်ဆင်သင့် ပြင်ဆင်ထိုက်သည့် ပြဋ္ဌာန်းချက်များကိုသာ လွှတ်တော်က ပြင်ဆင်သွားမည် ဖြစ်ကြောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီဝင် ဦးတီခွန်မြတ်က ပြောကြားသည်။

“တပ်က ရေးဆွဲခဲ့တဲ့ ဒီဥပဒေက သူ့ဘက် ပါနေတယ်။ ခုပြည်သူက ပြင်စေချင်တဲ့ အတိုင်းလည်း လုပ်လို့မရဘူး။ အဲဒါကြောင့် ဥပဒေကို ဥပဒေအတိုင်းပဲ လုပ်ရမယ်” ဟု ဦးတီခွန်မြတ်က ဆိုသည်။

ပြည်သူလူထု တောင်းဆိုသည့်အတိုင်း ပြင်ဆင်မည် မဟုတ်သည့်အပြင် တပ်မတော်၏ လိုလားချက်များကို လိုက်လျောပြီး ပြင်ဆင်သင့်သည့် အချက်များကို မပြင်ဘဲ နေမည် မဟုတ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ အခန်းတွင် တပ်မတော်၏ အခန်းကဏ္ဍ လျော့ချပေးရေး၊ သမ္မတ ရွေးချယ် တင်မြောက်ခြင်းဆိုင်ရာ အခန်းပါ ပုဒ်မ ၅၉ (စ) ကို ပြင်ဆင်ပေးရန်တို့ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ပါတီ) နှင့် အရပ်ဘက် အဖွဲ့အစည်းများက ဝိုင်းဝန်း တောင်းဆိုလျက် ရှိကြသည်။

ထို့အပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သော စစ်ဖက်ဆိုင်ရာ အဖွဲ့အစည်းမှ ပြင်ဆင်လိုခြင်း၊ မူလအတိုင်း ထားလိုခြင်းဆိုင်ရာ ကိစ္စများကိုလည်း ဘက်လိုက်၍ ပြင်ဆင်ရန် တင်ပြသွားမည် မဟုတ်ကြောင်း ၎င်းက ထပ်လောင်းပြောသည်။

လတ်တလောတွင် အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ နိုင်ငံအဝန်း လူထုဆန္ဒခံယူပွဲ၊ ဟောပြောပွဲများ ပြုလုပ်ခြင်းများ လုပ်သကဲ့သို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေး ပါတီဝင်တို့ကလည်း ပြင်ဆင်မှု မပြုလုပ်ရေးအတွက် ဆန္ဒပြနေခြင်းသည် အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အထောက်အကူပြုမည် မဟုတ်ကြောင်း ၎င်းကဆိုသည်။
“အပြင်မှာ လုပ်နေတာတွေက ဘာမှဖြစ်လာမှာ မဟုတ်ဘူး။ ပြင်ရမှာက လွှတ်တော်ထဲက” ဟု ၎င်းက ထပ်လောင်း ပြောကြားသည်။

ယင်းကဲ့သို့ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လွှတ်တော်ပြင်ပ စုရုံး လှုံ့ဆော်နေမှုများသည် တပ်မတော်နှင့် အစိုးရအဖွဲ့ကိုသာ ဖိအားတစ်ခုအဖြစ် ဖန်တီးနိုင်ကြောင်း ရခိုင်ပြည်နယ် ကျောက်ဖြူ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က ပြောကြားသည်။

အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် နိုင်ငံတော်သမ္မတ၊ တပ်မတော်နှင့် ပြည်သူများအားလုံး တူညီသော ဆန္ဒရှိသော်လည်း ဒီမိုကရေစီကျင့်စဉ်နှင့် ကိုက်ညီစွာ ပြင်ဆင်နိုင်ရန် လိုအပ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဗဟိုကော်မတီဝင် ဦးဝင်းမြင့်က ပြောကြားသည်။

“အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်ရေး ကော်မတီ ဆိုတာ ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းပေးထားတာလေ၊ အဲဒီတော့ ပြည်သူ့အသံ လွှတ်တော်အသံ ဆိုတဲ့ ဆောင်ပုဒ်အတိုင်း ကိုယ်စားလှယ်တွေက ပြည်သူ့ဆန္ဒကို ဆောင်ရွက်ပေးရမှာပေါ့” ဟု ၎င်းကဆိုသည်။

အခြေခံဥပဒေ ပြင်ဆင်ရေးတွင် အခန်း ၁၂၊ ပုဒ်မ ၄၃၆ ကိုပါ ထည့်သွင်း ပြင်ဆင်ရန် ကော်မတီက ဆုံးဖြတ်ထားကြောင်း ကော်မတီအဖွဲ့ဝင် အချို့က ပြောဆိုထားသည်။

အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းတို့ ယခုလ ဒုတိယပတ်အတွင်း ရန်ကုန်နှင့် မန္တလေးမြို့များတွင် လူထုဆန္ဒ ကောက်ယူရေး လုပ်ငန်းစဉ်များနှင့် ဟောပြောပွဲများ ပြုလုပ်ခဲ့ကြီး မြို့ကြီး ၁၇ မြို့တွင် ဆက်လက် ပြုလုပ်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

The Voice Weekly