မျိုးစောင့်ဥပဒေဟာ ဖွဲ့စည်းပုံမပြင်နိုင်အောင် လမ်းလွှဲတဲ့ နိုင်ငံရေးအမြတ်ထုတ်မှုလား

ပို့စ်တင်ချိန် - 5/11/2014 10:19:00 AM


မြန်မာနိုင်ငံမှာ အငြင်းပွားဖွယ်ရာဖြစ်နေတဲ့ မျိုးစောင့်ဥပဒေကြမ်းနဲ့ပတ်သက်ပြီး အမျိုးဘာသာသာသနာ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (မဘသ)က ဥပဒေပေါ်လာအောင် မဖြစ်မနေ လုပ်မယ်ပြောနေချိန်မှာ အရပ်ဖက်အဖွဲ့အစည်း ၁ဝဝကျော်က လက်မှတ်ရေးထိုးပြီး တရားဝင်ကန့်ကွက်လိုက်ပါပြီ။ မျိုးစောင့်ဥပဒေ ဘယ်လောက်တောင် အန္တရာယ်ကြီးလို့လဲ။

မျိုးစောင့်ဥပဒေကြမ်းဟာ ရည်ရွယ်ချက်ကောင်းပေမယ့် ရလဒ်တော့မကောင်းနိုင်ဘူးလို့ မြန်မာနိုင်ငံ အမျိုးသမီးများအဖွဲ့ချုပ် (WLB) ရဲ့အကြံပေးအဖွဲ့ဝင် ဒေါ်သင်းသင်းအောင်က ဆိုပါတယ်။ တိုင်းရင်းသားတွေ၊ လူမျိုးစုအသီးသီးနဲ့ လူတန်းစား အလွှာအသီးသီးပို အစိတ်စိတ်အမွှာမွှာ ဖြစ်စေနိုင်တယ်လို့ မေလ ၉ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

ရန်ကုန်မြို့ မီဒီယာလိုက်ဘရီမှာ ကျင်းပတဲ့ ဒီသတင်းစာရှင်းလင်းပွဲနဲ့ ကန့်ကွက်တဲ့ လက်မှတ်ရေးထိုးမှုမှာ အဖွဲ့အစည်းပေါင်း ၁၁ဝ ပါဝင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း အရပ်ဖက်အဖွဲ့ ၉ဝကျော်က တရားဝင် ကန့်ကွက်ခဲ့လို့ ၉၆၉ လို့လူသိများတဲ့ အစ္စလာမ်ဆန့်ကျင်ရေးအဖွဲ့ဖြစ်တဲ့ မဘသက ကန့်ကွက်သူတွေဟာ အမျိုးသားရေး သစ္စာဖောက်တွေလို့ စွပ်စွဲတိုက်ခိုက်ခဲ့ပါတယ်။

၂ဝဝ၈ ဖွဲ့စည်းပုံပြုပြင်ပြောင်းလဲရေးကို ပြည်သူလူထု အာရုံမရောက်အောင် မျိုးစောင့်ဥပဒေဆိုတာမျိုးနဲ့ ရန်တိုက်ပေးနေတာဖြစ်ပြီး ဒါဟာ နိုင်ငံရေးအမြတ်ထုတ်မှုလို့ ကချင်ငြိမ်းချမ်းရေးကွန်ရက်က မမေစံပယ်ဖြူက ဆိုပါတယ်။ ပြည်သူတွေအနေနဲ့ အဓိကနဲ့သာမညကို ခွဲခြားသိစေချင်ပြီး ဒီအမြတ်ထုတ်မှုကို မမြင်နိုင်ရင် မလွတ်မြောက်နိုင်ဘူးလို့ ပြောဆိုခဲ့ပါတယ်။

Kamayut Media